A d v e r t i s e m e n t With Us

၁၁ နှစ်အရွယ် ကလေးငယ် ကိုယ်အင်္ဂါလှူဒါန်းမှု လူ ၆ ဦးအသက် ကယ်တင်နိုင်

တရုတ်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦးဟာ သေဆုံးပြီးတဲ့ နောက်မှာ သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လှူဒါန်းခဲ့ပြီး အဲဒီလှူဒါန်းမှုဟာ လူ ၆ ဦးရဲ့အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ဓာတ်ပုံတွေမှာတော့ အထွေထွေရောဂါကုဆေးရုံ တရုံမှာ သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မဖယ်ထုတ်ခင် ခွဲစိတ်ခန်းတွင်းပုံတွေကို တွေ့ရပါတယ်။ တွန်ယာ့ထင်အမည်ရ အဲဒီမိန်းကလေးငယ်ဟာ နာတာရှည် အာရုံကြောရောဂါ ခံစားခဲ့ရပြီး ကြွက်သားအားနည်းမှုဖြစ်ကာ ရက်ပေါင်း ၅၀ ကျော် သတိလစ် မေ့မြောနေခဲ့ပြီးနောက်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဘေဂျင်းနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ သူသေဆုံးပြီးနောက်မှာ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ မျက်ကြည်လွှာ စတာတွေကို လှူဒါန်းမှာဖြစ်ပြီး အဲဒါဟာ လူနာ ၆ ဦးရဲ့ အသက်တွေကို ကယ်တင်နိုင်မှာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အဲဒီမိန်းကလေးငယ်ရဲ့ မိဘတွေက မေ့မြောနေရာကနေ ပြန်လည်နိုးထလာဖို့ မျှော်လင့်ချက် မရှိတော့ချိန်မှာ တခြားနည်းလမ်းတခုနဲ့သာ အသက်ရှင်သန်စေချင်ပြီး သူ့ရဲ့ကိုယ်အင်္ဂါတွေကို လှူဒန်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံဟာ ဆေးဝါးကုသမှုအတွက် ကိုယ်အင်္ဂါအစိတ်အပိုင်း လိုအပ်မှု မြင့်တက်နေတာဖြစ်ပြီး နှစ်စဉ်ခန့်မှန်းခြေ လူနာပေါင်း ၃ သိန်းကျော်ဟာ အလှူရှင် စောင့်နေကြရတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအရ သေဆုံးသွားတဲ့သူကို အကောင်းပကတိ မြေမြှုပ်သင်္ဂြိုဟ်ဖို့ လိုက်နာရတဲ့အတွက် လူနာအယောက် ၃၀ မှာ တယောက်လောက်သာ ကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ကုသခံယူမှု အောင်မြင်တယ်လို့ ဆိုပါတယ်။ ဇန်န၀ါရီလတုန်းက ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံသား ၁၀ သန်းမှာ ၆ ဦးလောက်သာ သေဆုံးပြီးနောက် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုတွေလုပ်ကြပြီး ကမ္ဘာပေါ်မှာ အနိမ့်ဆုံးနှုန်းဖြစ်တယ်လို့ စီစီတီဗွီသတင်းက ဆိုပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

A d v e r t i s e m e n t With Us

More News
Up