ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ကြား

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းခံတဲ့စာကို လက်ခံရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲမှာ တပ်မတော်မိသားစု အပါအ၀င် ပြည်သူတရပ်လုံးက စည်းကမ်း စနစ်တကျ မဲပေးတာကို ဂုဏ်ပြုတယ်လို့လည်း ရေးသားထားပါတယ်။ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ ဒီကနေ့အထိ လွှတ်တော်ကိုယ်စားလှယ် နေရာအများစု ရရှိတဲ့အပေါ် ဂုဏ်ပြုတယ်လို့လည်း ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းတွေ ပြီးဆုံးချိန်မှာ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာမှာ ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်ဖို့ ကိစ္စဟာ တိုင်းပြည် ဂုဏ်သိက္ခာနဲ့ ပြည်သူတွေရဲ့ စိတ်နှလုံးအေးချမ်းရေးအတွက် လွန်စွာမှာ အရေးကြီးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး လာမယ့်အပတ်အတွင်း အဆင်ပြေတဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးရေးအတွက် စီစဉ်ပေးဖို့ ပုံစံတူ သီးခြားစာသုံးစောင်ရေးသားပြီး သမ္မတ၊ ကာချုပ်နဲ့ သူရဦးရွှေမန်းတို့ကို မေတ္တာရပ်ခံထားပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲပြီးမှ နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မယ်လို့ အကြောင်းပြန်ထားပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လာမယ့် အပတ်အတွင်း အဆင်ပြေတဲ့အချိန်မှာ ဆွေးနွေးနိုင်ဖို့ စီစဉ် ဆောင်ရွက်မယ်လို့ အကြောင်းပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up