လေးပွင့်ဆိုင် တွေ့ဆုံရေး ကမ်းလှမ်းချက် ဦးဉာဏ်ဝင်း ရှင်းလင်း (ရုပ်သံ)
DVB
·
November 11, 2015

ရွေးကောက်ပွဲနိုင်လို့ လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုတာမဟုတ်ဘဲ အေးအေးချမ်းချမ်း ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦရွှေမန်းတို့ကို တွေ့ဆုံဆွေးနွေးဖို့ နိုဝင်ဘာ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက မေးမြန်းရာမှာ အခုလို ပြောဆိုလိုက်တာပါ။
“အနှစ် ၆၀ လောက် တသမတ်တည်း အုပ်ချုပ်လာကြတဲ့ အစဉ်အလာကြီးကနေ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သားအစိုးရကို လွှဲပြောင်းဖို့ဆိုတာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အင်မတန်အရေးကြီးပါတယ်။ အတိမ်းအစောင်းလည်း မခံသလို ပြည်သူလူထုလည်း မနစ်နာရအောင်၊ ဘယ်သူမှ မနစ်နာရအောင် တွေ့ဆုံကြတာဟာ အကောင်းဆုံး နည်းလမ်းလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲနိုင်လို့ တွေ့ဆုံတာ မဟုတ်ပါဘူး။ မကျင်းပခင်ကတည်းက ကျနော်တို့ အဆိုပြုထားပါတယ်။ အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့ ကျနော်တို့ ရည်မှန်းချက်ပါ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး ကမ်းလှမ်းချက်ကို သမ္မတနဲ့ သူရဦးရွှေမန်းတို့က လက်ခံကြောင်း အကြောင်းပြန်ကြားထားပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။