အန်အယ်လ်ဒီ ဆူနာမီမိလို့ ကျားခေါင်းပါတီ ထင်သလောက် အနိုင်မရဟုဆို
DVB
·
November 11, 2015
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် (အက်စ်အန်အယ်လ်ဒီ) ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ၃ ပုံ ၁ ပုံလောက်ပဲ အနိုင်ရခဲ့တယ်လို့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၅၀ လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နေရာ ၄၀ လောက်ပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပါတီအနေနဲ့ အန်အယ်လ်ဒီ ဆူနာမီမိပြီး မျှော်မှန်းထားသလောက် အနိုင်မရခဲ့ဘူးလို့ သူက ပြောပါတယ်။
“ရည်မှန်းထားသလောက် မပြည့်မီဘူး၊ ကျနော်တို့ မျှော်မှန်းထားသလောက် မရပါဘူး၊ ၃ ပုံ ၁ ပုံလောက်ပဲ ရှိပါတယ်။ ကျနော်တို့လည်းပဲ အန်အယ်လ်ဒီ ဆူနာမီ မိသွားတာပေါ့။ အန်အယ်လ်ဒီက အများကြီးပဲ ၀င်ရောက်နေရာယူသွားတာ ရှိပါတယ်။ အရင်တုန်းကတော့ အန်အယ်လ်ဒီ အခြေအနေကြည့်ပြီးတော့ တောင်ပြိုကမ်းပြို နိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ သို့သော်လည်းပဲ လူထုရဲ့ သဘောထားကတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အမှတ်တံဆိပ်အောက်မှာ သွားခဲ့တယ်လို့ ထင်ပါတယ်။”
အက်စ်အန်အယ်လ်ဒီပါတီဟာ ပြည်သူ့လွှတ်တော်နေရာ ၁၂ နေရာ၊ အမျိုးသားလွှတ်တော်နေရာ ၃ နေရာ၊ ပြည်နယ်နဲ့ တိုင်းလွှတ်တော်မှာ ၂၅ နေရာ စုစုပေါင်း နေရာ ၄၀ မှာ လတ်တလော အနိုင်ရရှိထားပါတယ်။
အက်စ်အန်အယ်လ်ဒီလို့ ခေါ်တဲ့ ကျားခေါင်းပါတီဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယနေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းခံထားရတာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ပါတယ်။