ထိပ်ပိုင်းစစ်ရာထူးအပြောင်းအလဲ ပြုလုပ်
DVB
·
July 5, 2011
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာစစ်တပ်ရဲ့ စစ်တိုင်းမှူးအပါအဝင် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် (စရဖ) နေရာတို့မှာ ပြောင်းရွှေ့လဲလှယ်မှုတွေ လုပ်ခဲ့တယ်လို့ စစ်ဖက်သတင်းရပ်ကွက်အရ သိရပါတယ်။
ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းနေရာကို တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဦးက ပြောင်းရွှေ့သွားပြီး အရှေ့ပိုင်းတိုင်းနေရာကို တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးထွတ်က ပြောင်းရွှေ့လာကြောင်း စစ်ဖက် သတင်းရပ်ကွက်အရ သိရပါတယ်။
ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်း၊ အနောက် တောင်တိုင်း၊ အနောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဆိုပြီး အနည်းဆုံး စစ်တိုင်း ၆ ခု အပြောင်းအရွှေ့ အလဲအလှယ်တွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဆွေနေရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရင်းတပည့်လည်းဖြစ်၊ သူရဲ့လုံခြုံရေးအရာရှိ လုပ်လာခဲ့သူ ဗိုလ်ချုပ် စိုးရှိန်နဲ့ အစားထိုးလိုက်တယ်လို့ စစ်ဖက်သတင်းရပ်ကွက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက တိုင်းမှူး၊ တပ်မမှူးအပါအဝင် ထိပ်ပိုင်းစစ်ရာထူးတွေ အပြောင်းအရွှေ့နဲ့ ရာထူးတိုးမြင့်မှုတွေ လုပ်ခဲ့ပြီးနောက် တနှစ်မပြည့်ခင်မှာ ကာကွယ်ရေးဦးချုပ်အသစ် ဗိုလ်ချုပ်ကြိး မင်းအောင်လှိုင် လက်ထက် ပထမဆုံးအကြိမ် ပြုလုပ်လာတာဖြစ်ပါတယ်။