A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည်ဟု သမ္မတ ပြန်ကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ မတ်လ ၂ ရက်နေ့က နေပြည်တော်တွင် သီးသန့်တွေ့ဆုံခဲ့စဉ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံနိုင်ရေး စီစဉ်ပေးဖို့ မေတ္တာရပ်ခံတဲ့စာကို သမ္မတကြီးက လက်ခံရရှိခဲ့ပြီး တွေ့ဆုံမယ်လို့ ပြန်ကြားခဲ့ပါတယ်။ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ရဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်မှာ ၂ ဘက်ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၆ ရက် သမ္မတရဲ့ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းကို ကိုးကားပြီးတော့လည်း အစိုးရ၊ တပ်မတော်နဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာသွားမှာ ဖြစ်သလို ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေဖို့ နိုင်ငံရေး ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦရွှေမန်းတို့ကို တွေ့ဆုံဆွေးနွေးဖို့ နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ သူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဒီနေ့မနက် အကြောင်းပြန်ကြားထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခုချိန်ထိ အကြောင်းပြန်ကြားထားတာ မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up