A d v e r t i s e m e n t With Us

ရွေးကောက်ပွဲပြဿနာများကို တရားရုံးသို့တိုင်တန်းရန် ခရိုင်ကော်မရှင်ပြော

နိုဝင်ဘာ ၁၁ ရက်ကစပြီး ရွေးကောက်ပွဲ ပြဿနာတွေကို တရားရုံးကို သွားရောက်တိုင်တန်းနိုင်ပြီလို့ နေပြည်တော် ဥတ္တရသီရိခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။ “ဥပဒေ၊ နည်းဥပဒေမှာ ပါတဲ့အတိုင်း ပိုက်ဆံ ၅ သိန်းနဲ့တကွ တရားရုံးမှာ လျှောက်ထား တိုင်ကြား နိုင်ကြပါပြီ။ ကျန်တဲ့ ကိစ္စကို တရားရုံးက ဆက်လုပ်ပါလိမ့်မယ်။ ကျနော်တို့ကတော့ ဒီလောက်ပါပဲ” လို့ နိုဝင်ဘာ ၁၀ ရက်နေ့လယ်က ပုဗ္ဗသီရိ မြို့နယ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောပါတယ်။ လက်ရှိမှာ ကော်မရှင်ကို တိုင်တန်းမှုတချို့ ရှိခဲ့ပေမယ့် နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်က ရလဒ်တွေကို သက်ဆိုင်ရာ မြို့နယ်အသီးသီးက ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံဝန်ထမ်းတွေ အများစု ရှိနေတဲ့ နေပြည်တော်မှာ တပ်နယ်မြေ ဇေယျာသီရိမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်လုံးမှာ အန်အယ်လ်ဒီကပဲ အနိုင်ရရှိခဲ့တာပါ။ ဇေယျာသီရိမြို့နယ်မှာ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် မဲ ၁ သောင်းခွဲကျော် အသာစီးရခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပုဗ္ဗသီရိမြို့နယ်မှာတော့ ပြည်ခိုင်ဖြိုး ပါတီက မဲအရေအတွက် ၁၇၆ မဲနဲ့ ရှုံးနိမ့်ခဲ့ပြီး  တိုင်ကြားတာ ၃ မှုရှိခဲ့တဲ့အတွက်  မဲပြန်လည် ရေတွက်ဖို့ စီစဉ် ခဲ့ပါသေးတယ်။ “အဲဒါကလည်း မဲဆန္ဒရှင် အချင်းချင်း အန်အယ်လ်ဒီကို မဲပေးဖို့ ပြောတယ်ဆိုပြီး ပြည်ခိုင်ဖြိုးက တိုင်တာပါ။ ဟုတ်၊ မဟုတ်ကတော့ မစိစစ်ရသေးပါဘူး” လို့ မဟုတ်ရင်တော့ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်အောင်ကြည်က ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း နေပြည်တော်က နေရာအားလုံးမှာ အန်အယ်လ်ဒီကပဲ အနိုင်ရရှိခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up