နေပြည်တော်ကောင်စီနယ်မြေအတွင်း ၉ နေရာ အန်အယ်လ်ဒီ အနိုင်ရ
DVB
·
November 10, 2015
နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း ၀င်ပြိုင်တဲ့ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် တနေရာကလွဲပြီး ကျန်နေရာ ၉ ခုစလုံး အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ အနိုင်ရရှိခဲ့ပါတယ်။
နေပြည်တော်ကောင်စီနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းသူကို နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေဟာ ဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ ဦးလှဌေးဝင်း၊ ဦးဝေလွင်၊ ဦးမြတ်ဟိန်း၊ ဦးမြလှိုင် စတဲ့သူတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတာဖြစ်ပြီး မဲ ၂၀၀၀ ကျော်၊ ၃၀၀၀ ကျော်တို့နဲ့ ဖြတ်ကျော် အနိုင်ရခဲ့ကြတာလည်း ဖြစ်ပါတယ်။
မြို့နယ်အလိုက် ရေတွက်ပြီးတဲ့ မဲရလဒ်တွေအရ နေပြည်တော်မှာ ၁ နေရာကလွဲလို့ အန်အယ်လ်ဒီနိုင်တယ်လို့ စုံစမ်းသိရှိရတာဖြစ်ပြီး တရားဝင်မဲရလဒ်တွေကိုတော့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပေးခြင်း မရှိသေးပါဘူး။