ရခိုင်ပြည်နယ်မြို့ ၄ မြို့တွင် အန်အယ်လ်ဒီမှ အသာစီးရနေ
ပိုင်စိုး
·
November 9, 2015
ရခိုင်ပြည်နယ်က သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင် မြို့ လေးမြို့မှာ အန်အယ်လ်ဒီက လွှတ်တော် လေးနေရာလုံးအတွက် မဲအသာစီးရထားတယ်လို့ ပြည်နယ် အောင်နိုင်ရေးအဖွဲ့က ဦးမင်းအောင်က နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ဒီဗွီဘီကို ပြောပါတယ်။
"လတ်တလော သိရသလောက်ကတော့ ဒီလေးမြို့ပဲ သိရသေးတယ်။ ပုဏ္ဏားကျွန်းမြို့ပေါ် မှာတော့ ရှုံးနေတယ်။ မြို့နယ်ကော်မရှင်တွေက တရားဝင် မထုတ်ပြန်သေးဘူး" လို့ ပြောပါတယ်။
တောင်ကုတ်မြို့မှာတော့ မဲအနည်းဆုံးရတဲ့ အန်အယ်လ်ဒီ အမတ်လောင်းတောင်မှ ပြိုင်ဘက်ကို အနည်းဆုံး မဲ ၃၀၀၀ လောက် အသာစီး ရထားတယ် လို့လည်း သူက ဆက်ပြောပါတယ်။