A d v e r t i s e m e n t With Us

ပဲခူးတိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးမှု အခြေအနေ

ပဲခူးတိုင်း၊ က၀မြို့နယ်ရှိ မဲရုံတရုံတွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြစဉ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ဆန္ဒမဲလက်မှတ်တွေမှာ အမည်းစက်တွေနဲ့ လိုင်းလေးတွေ ပါနေတဲ့အတွက် ပယ်မဲဖြစ်မှာကို လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့က စိုးရိမ်နေကြပါတယ်။ “မဲလက်မှတ်တွေမှာ စပေါ့တွေ ပါလာတယ်၊ လိုင်းလေးတွေ ပါလာတယ်။ အဲဒီဥစ္စာတွေကို ပယ်မဲအဖြစ် ထားမယ်ဆိုရင် တအားနစ်နာဆုံးရှုံးသွားမယ်” လို့ ကျောက်ကြီးမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ငွေက ပြောပါတယ်။ ဒါ့အပြင် ညောင်ပင်သာကျေးရွာအုပ်စုမှာ မဲအရွက် ၅၀ အုပ်ရှိတဲ့နေရာမှာ မဲလက်မှတ် လျော့နေတာတွေရော၊ ပိုနေတာတွေပါ ရှိနေတယ်လို့လည်း ပြောပါတယ်။ မဲလက်မှတ်တွေ ခုလို ပြဿ  နာတွေရှိနေတဲ့အတွက် ဒေသခံ ကော်မရှင်၊ မဲရုံမှူးနဲ့ ပါတီကိုယ်စားလှယ်တွေ ဆွေးနွေးပြီး ပယ်မဲမဖြစ်အောင် လုပ်ဆောင်နေတယ်လို့လည်း ဦးမြင့်ငွေက ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲဆန္ဒလက်မှတ်တွေမှာ အစွန်းအထင်း အပြဲအစုတ်တွေပါနေရင် မဲမပေးခင်မှာ လဲလှယ်နိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။ ပဲခူးတိုင်း ပြည်မြို့နယ်မှာတော့ ဆန္ဒမဲပေးလာသူ အရေအတွက် များတဲ့အတွက် ဒီကနေ့ သတ်မှန်ချိန်တွင်း အားလုံး မဲအပြီးမပေးနိုင်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ “တချို့မဲရုံတွေက တအားကို ပရ၀ဏ်ကျဉ်းတာပေါ့နော်။ စာသင်ကျောင်းကျဉ်းတယ်။ အဲဒီမှာကိုပဲ မဲရုံက ၂ ရုံလုပ်ထားတယ်ဆိုတော့ ပြည်သူတွေအတွက် တော်တော် အခက်အခဲ အကျပ်အတည်းရှိတယ်။ နောက်တခု မဲပုံးအပေါက်တွေ ကျဉ်းတယ်။ နောက် မဲရုံပရ၀ဏ် ကျဉ်းတယ်။ ပျှမ်းမျှခြင်း ၁ နာရီကို ၁၀၀ လောက်ပဲပြီးတာ။ အဲတော့ တချို့မဲရုံတွေက ဆန္ဒမဲပေးမယ့်သူ ၃၀၀၀ တွေဘာတွေရှိတယ်။ ကျမတို့ မပြီးမှာကို စိုးရိမ်တယ်။ ပရ၀ဏ်ကျဉ်းတဲ့နေရာမှာဆို နေစရာမှာလည်း ဒုက္ခရောက်တယ်ပေါ့။ နောက်တခုက မဲပေးခွင့် မရတဲ့သူတွေကလည်း မှတ်ပုံတင်ကိုင်ပြီး စောင့်နေကြတယ်ပေါ့။” လို့ ပြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာခင်စိုးစိုးကြည်က ပြောပါတယ်။ ပေါက်ခေါင်းမြို့နယ်မှာတော့ မဲမပေးတတ်တဲ့သူတွေ များနေတဲ့အတွက် အမှားအယွင်းဖြစ်မှာကို ကိုယ်စားလှယ်လောင်းတွေက စိုးရိမ်နေကြပါတယ်။ “ကျမတို့လူတွေကလည်း နည်းနည်းခေါင်တဲ့ဒေသ ဖြစ်တဲ့အခါကျတော့ သိပ်မသိတာပေါ့။ အဲတော့ မဲပေးမှားမှာတခုပဲ ကြောက်နေရတယ်” လို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီဒွန်းက ပြောပါတယ်။ ပေါင်းတည်မြို့နယ်က ရှားပေါင်ရွာ မဲရုံအမှတ် ၁ မှာတော့ မဲဆန္ဒရှင် ၁၈၀၀ ကျော်ထဲက ၂၀၀ ဟာ မဲပေးခွင့်မရှိလို့ စိတ်ဆိုးနေကြတယ်လို့ ပေါင်းတည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ က ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဦးက ပြောပါတယ်။ မဲစာရင်း ဒုတိယအကြိမ် ကြေညာရာမှာ ပါဝင်ခဲ့ပေမယ့် အခုတခေါက် မပါလာလို့ ဒေါသထွက်နေတာလို့ ဦးထွန်းထွန်းဦးက ပြောပါတယ်။ “ရှားပေါင်မဲရုံမှာက မဲပေးပိုင်ခွင့်ရှိသူ ၁၈၀၄ ယောက်၊ ကြိုတင်မဲ ၇၆ ယောက်ကို အခု လောလောဆယ် ၂၀၀ လောက်က မဲစာရင်းမှာ မပါလို့ နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ထားရတယ်။ ဒုတိယ မဲစာရင်းမှာပါတယ်တဲ့၊ အခုအခါမှာ မပါတော့ ဘယ်လိုဖြစ်လဲဆိုတော့ ရပ်ကျေးကော်မရှင်က မနက်ကျရင် ရအောင်လုပ်ပေးမယ်ဆိုပြီး မနက်မှာ လူတွေက အရမ်း ကြိတ်ကြိတ်တိုးနေတဲ့ အခါကျတော့ မဲပေးနိုင်ခွင့်ကတ်ပြား ပါတဲ့ဟာပဲ အရင်ဦးစားပေးနေတယ်။ မဲစာရင်းမပါတဲ့သူတွေကို ကော်မရှင်နဲ့ အသိသက်သေတွေနဲ့ လက်မှတ်ထိုးပြီး ပေးခိုင်းမယ်ပြောပြီးတော့ ၈ နာရီထိုးလည်းထိုးရော မြို့နယ်ကော်မရှင်က ပေးလို့မရတော့ဘူးလို့ လှမ်းပြောတယ်။ အဲဒီမှာ လူက လောလောဆယ် အခု အယောက် ၃၀ လောက်က မကျေမနပ် ဖြစ်နေတဲ့အတွက် လောလောဆယ် ချော့မော့နေရတယ်။” ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်မှာတော့ ဒီနေ့မနက်ပိုင်း မဲဆန္ဒရှင်တွေ မဲပေးရာမှာ မဲလက်မှတ်တွေ မင်ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဇနီးဖြစ်သူတို့ကတော့ ပဲခူးတိုင်း ဖြူးမြို့နယ် မဲဆန္ဒနယ်မှာ တန်းစီပြီး ဆန္ဒမဲပေးသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up