ဆီယာယာလီယွန်ကို အီဘိုလာ ကင်းစင်နိုင်ငံအဖြစ် ကြေညာ

ဓာတ်ပုံ - ရိုက်တာ
2.6K
အီဘိုလာရောဂါ ဖြစ်ပွားခဲ့တဲ့ ဆီယာယာလီယွန်နိုင်ငံကို အီဘိုလာကင်းစင်နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (ဒဗလျူအိပ်ခ်ျအို) က နိုဝင်ဘာ ၇ ရက်နေ့မှာ ကြေညာပေးပါတယ်။
ဆီယာယာလီယွန်နိုင်ငံမှာ အီဘိုလာရောဂါ ဖြစ်ပွားခဲ့တဲ့ ၁ နှစ်ခွဲကြာ ကာလအတွင်း ရောဂါနဲ့သေဆုံးသူ ၄၀၀၀ လောက် ရှိခဲ့ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့ည သန်းခေါင်ယံမှာ အီဘိုလာရောဂါ ထပ်မံကူးစက်မှုမရှိဘဲ ၄၂ ရက် ပြည့်သွားတဲ့အတွက် မြို့တော် ဖရီးတောင်း (Freetown) မှာ မြို့ခံတွေ လမ်းမတွေပေါ်ထွက် အောင်ပွဲခံကြပါတယ်။
မြို့လယ်မှာ စုဝေးအောင်ပွဲခံခဲ့ကြပြီး ရောဂါကြောင့် သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ် ဖယောင်းတိုင် ထွန်းညှိခဲ့ကြပါတယ်။
သမ္မတ ကိုရိုမာကလည်း အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာခဲ့အပြီး တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
နိုင်ငံကို အီဘိုလာကင်းစင်နိုင်ငံအဖြစ် ကြေညာဖို့မှာ ဒဗလျူအိပ်ခ်ျအိုက နှောင့်နှေးခဲ့တာနဲ့၊ ရောဂါဖြစ်ပွားစဉ်အတွင်း ဆီယာယာလီယွန် ပြည်သူတွေကို ဒဗလျူအိပ်ခ်ျအိုက သွားလာနေထိုင်မှု ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်ခဲ့တဲ့အပေါ် သမ္မတ အာနက်စ် ဘိုင် ကော်ရိုမာ (Ernest Bai Koroma) က နိုဝင်ဘာ ၆ ရက်နေ့က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လိုင်ဘေးရီးယားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက အီဘိုလာကင်းစင်နိုင်ငံအဖြစ် ကြေညာခဲ့ပြီး အီဘိုလာရောဂါနဲ့ သေဆုံးသူ ၄၈၀၀ ကျော် ရှိခဲ့ပါတယ်။
နောက်တနိုင်ငံဖြစ်တဲ့ ဂီနီနိုင်ငံမှာတော့ လက်ရှိအချိန်အထိ အီဘိုလာရောဂါ ဖြစ်ပွားမှု အနည်းငယ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။