မြန်မာပြည်တောင်ပိုင်း ကော့သောင်းမြို့ တော်ဝင်ဆိပ်ကမ်းမှာရပ်ထားတဲ့ မေသဇင် ကုန်တင်သင်္ဘော မနေ့ နေ့လည်က မီးလောင်လို့ သင်္ဘောပေါ်ရောက်နေသူ လေးဦး ဒဏ်ရာရပြီး ဆေးရုံတက်နေရပါတယ်။
ဒီမေသဇင် သင်္ဘောဝမ်းဗိုက်မှာရှိတဲ့ ကုန်စည်တွေကို သွားရောက်ကြည့်ရှုရာက မှောင်မည်းနေလို့ မီးခြစ်လိုက်တဲ့အခါ အခန်းတွင်းလှောင်နေတဲ့ ဓာတ်ငွေ့တွေကြောင့် မီးလောင်ခဲ့တာလို့ ကော့သောင်းမြို့ခံတဦးက ပြောပါတယ်။
“မီးလောင်တော့ အဲဒီသင်္ဘောပေါ်မှာ ပစ္စည်းဆင်းယူတဲ့ လူနှစ်ယောက်ရယ်။ နောက် သင်္ဘောသားပေါ့နော် ပဲ့နင်းငယ်ကတယောက်။ လှေစာရေးငယ်တယောက် စုစုပေါင်းလေးယောက် လောလောဆယ် ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တင်ထားတယ်။”
ဒီလူလေးဦးဟာ မီးလောင်မှုဖြစ်တာနဲ့ ရေထဲကို ခုန်ဆင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
မီးလောင်ချိန်မှာ ရေကျချိန်ဖြစ်တာကြောင့် သင်္ဘောက သောင်ပေါ်တင်နေပြီး မီးသတ်ကားတွေက ပိုက်ချိတ်ဆက်ပြီး ပက်ဖြန်းငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မေသဇင်သင်္ဘောဟာ မေ ၂၉ ရက်က ရေနစ်မြုပ်ခဲ့ပြီး ဇွန် ၃၀ ရက်နေ့ကမှ ဆယ်ယူပြီး ဆိပ်ကမ်းမှာ ကပ်ထားတာပါ။ အဲဒီသင်္ဘောပေါ်မှာ ရန်ကုန်ကို တင်ပို့မယ့် ထိုင်းနိုင်ငံထုတ် ကုန်စည်စားသောက်ကုန်တွေအပြင် ခြင်ဆေးဘူးတွေလည်း ရှိနေတာကြောင့် အဲဒီကနေ ဂက်စ်ယိုစိမ့်ပြီး မီးလောင်ကျွမ်းစေတာ ဖြစ်နိုင်တယ်လို့ လတ်တလောမှာ ခန့်မှန်းပြောဆိုနေကြပါတယ်။