Home
ဆောင်းပါး
နိုဝင်ဘာလ ၈ ရက်ဟာ တိုင်းပြည်အတွက်ဖြစ်ပါစေ
DVB
·
November 7, 2015
မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် သီတင်းကျွတ်လဆုတ် ၁၁ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာတော့ ကမ္ဘာ့ဒီမိုကရေစီသမိုင်းဖြစ်စဉ်ထဲမှာပါ ကမ္ဗည်းထိုးရစ်တော့မှာမို့ နိုင်ငံများစွာက စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်သူ့အချစ်တော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထောင်ထားခဲ့တဲ့ လက်ရှိ စစ်တပိုင်းအစိုးရရဲ့ ပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအ၀င် ပါတီပေါင်းစုံဟာ ပြည်သူလူထုကြားမှာ မဲဆွယ်စည်းရုံးရေး ဆင်းနေကြတာဖြင့် အရှိန်အတော်ရနေပါပြီ။ တကယ်တော့ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်ရှင် အစစ်ဖြစ်တဲ့ မိဘပြည်သူတွေက တိုင်းပြည်ကို သူတို့ကိုယ်စာ သက်တမ်းတခုမှာ ပါတီတခုတဖွဲ့ကို ရွေးချယ် ယာယီအုပ်ချုပ်ခွင့်ပေးတဲ့ပွဲပါ။ ဒါပေမယ့် အခု လာမယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ကတော့ အစိုးရတရပ်ကို ရွေးချယ်ပေးယုံ သက်သက်ပွဲမဟုတ်ပါဘူး။ နှစ်ပေါင်း ၅၃ နှစ်ကျော် တိုင်းပြည်ကို မျက်နှာဖုံးအမျိုးမျိုးစွပ်ပြီး ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အာဏာရှင်စနစ်ကို နိဂုံးသတ်နိုင်မှာလား ဒါမှမဟုတ် ဆက်လက်ရှင်သန်ပြီး ပြည်သူကို ဒုက္ခ ဆက်ပေးခွင့်ပြုမှာလား ဆိုတာ အဆုံးဖြတ်ပြုရမယ့်ပွဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ သမိုင်းဝင်နေ့ တနေ့ ဖြစ်လာမှာပါ။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကနေ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို တကယ်ကူးပြောင်းလိုစိတ် ရှိ၊ မရှိ ဆိုတာကို မြင်ကြရမဲ့ပွဲလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ ပုံမှန်အခြေအနေတရပ်မှာ မရှိပါဘူး။ အကြောင်းကတော့ ပြည်သူကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းကို ရွေးကောက်ရမှာ မဟုတ်ဘဲ၊ ၇၅ ရာခိုင်နှုန်းကိုသာ ရွေးရမဲ့အခြေအနေ ရောက်နေလို့ပါဘဲ။ လွှတ်တော်ကိုယ်စားလှယ်နေရာထိုင်ခုံ ၂၅ ရာခိုင်နှုန်းကို လက်ရှိ အာဏာယူထားတဲ့ စစ်တပိုင်းအစိုးရနဲ့ မျိုးတူ အာဏာရှင်ဂိုဏ်းသားတွေဖြစ်တဲ့ မြန်မာစစ်တပ်က လုယူယူထားတာ ကမ္ဘာသိ မဟုတ်လား။ ဒီလို မမျှမတတဲ့ အခြေအနေကို ပိုဆိုးဝါးစေတာက အာဏာလက်မလွှတ်ချင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရဟာ ပြည်သူ့ထောက်ခံမှု မရနိုင်တော့မှန်း သိတော့ ဘက်လိုက်မဲ့ ရွေးကောက်ပွဲကော်မရှင်ကို စစ်ဗိုလ်စစ်သား၊ သူလူများနဲ့ဘဲ စိတ်ကြိုက်ဖွဲ့ပြီး အခြေခံမဲစာရင်းကို ၃၀ ရာခိုင်နှုန်းလောက်သာ မှန်အောင်ပြုစုပြီး နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခြေခံ မဲပေးပိုင်ခွင့်ကို လုယူခဲ့ပြန်ပါတယ်။ အဲဒါတွေအပြင် ၀ယ်မဲ၊ ပယ်မဲ၊ ပိုမဲ၊ ကြိုတင်မဲ၊ ခြိမ်းခြောက်မဲ၊ ခိုးမဲ၊ လုမဲ၊ ညစ်မဲ၊ လိမ်မဲ မဲဓားပြစတဲ့ မဲမသမာမှု နည်းမျိုးစုံသုံးပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအပြတ်အသတ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲတုံးကလို အောင်ပွဲ မခံနိုင်အောင်၊ လွတ်လွတ်ကျွတ်ကျွတ် အစိုးရမဖွဲ့နိုင်အောင် အဖက်ဖက်က ပြင်ဆင်ကျူးလွန်နေကြတာ အထင်အရှား မဟုတ်လား။ (က) ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေးပါတီကို မဲမပေးသင့်တဲ့အကြောင်း … လက်ရှိအခြေအနေဟာ နိုင်ငံသားတိုင်း ရေငုံနှုတ်ပိတ်နေလို့ မရတော့ပါဘူး။ တိုင်းပြည်တခုလုံးရဲ့ အကောင်းအဆိုး အနာဂတ်ကို အဆုံးအဖြတ်ပေးမဲ့ နိုင်ငံရေးကိစ္စတွေမှာ ကျနော်တို့ဟာ မပြတ်မသား အားနာနေလို့ မရပါဘူး။ လူမျိုးတမျိုး၊ ဘာသာတခုအကျိုးအတွက်သာကြည့်ပြီး ပြောနေလို့ မသင့်တော်ပါဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ပြည်ထောင်စုကြီး ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်မဲ့အကျိုးကို သာ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရည်မျှော်ပြောဆိုရပ်တည်ကြဖို့ လိုပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အနာဂတ်ကို ထပ်မံ လုယူဖျက်ဆီးဖို့ ဗောင် ကြိုးပမ်းလာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အသွင်တမျိုးယူပြီး ခေါင်းထောင်ဖို့ တာစူလာတဲ့ စစ်အာဏာရှင်မျိုးဆက်သစ်တွေအကြောင်း ပြည်သူလူထု ရှင်းရှင်းလင်းလင်းသိအောင်၊ သူတို့ပါတီကို မဲမပေးသင့်တဲ့အကြောင်း အားမနာတမ်း မီးမောင်း ထိုးပြချင်ပါတယ်။ အဖိနှိပ်ခံပြည်သူ လူများစုကြီးအတွက် လာခြင်း မကောင်းတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဆိုတာ အားလုံးသိကြတဲ့အတိုင်း အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးတည်ထောင်ခဲ့တာပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယာဉ်တန်းကို ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒီပဲယင်းလူသတ်ပွဲမှာ ပြည်သူ့ချဉ်ဖတ် စွမ်းအားရှင်ဆိုတဲ့လူမိုက်တွေ၊ စစ်အာဏာရှင်စနစ်လိုလားသူ မဆလပါတီဝင်ဟောင်းတွေ၊ စစ်အာဏာရှင်စနစ်ရဲ့ အမာခံ စစ်ဗိုလ်စစ်သားတွေ၊ အပြောင်းအလဲမလိုလားဘဲ ကပ်ရပ်ပြီး အခွင့်ထူးခံခွင့်အနည်းအကျဉ်းရတဲ့ မြို့နယ်ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ၊ အသုံးချခံ မီးသတ်ကြက်ခြေနီ၊ ၀ိသမစီးပွားရေးလုပ်ငန်းရှင်ခရိုနီတွေ၊ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေကို စုစည်းပြီး တပ်မတော်ကို ကျောထောက်နောက်ခံပြုလို့ တည်ထောင်ထားခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကြီးကို ၂၀၁၀ ခုနှစ် ဇွန်လထဲမှာ အာဏာရှင်လက်ကိုင်ဒုတ် ပါတီအဖြစ် ပြောင်းပြီး ပြည်သူပိုင်ဘဏ္ဍာ၊ ငွေကြေးတွေနဲ့ နေရာအဆောက်အဦးတွေ လုယူသိမ်းပိုက်ပြီး တည်ထောင်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အမည်းစက်ပေါင်းများစွာ စွန်းထင်းထားရစ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်က ခြေရာလက်ရာ အချက်အလက်တွေကို စေ့စေ့ငုငု လေ့လာတဲ့အခါ … သမိုင်းကြောင်းလည်း မကောင်းဘူး။ ရည်ရွယ်ချက်လည်း မကောင်းဘူး၊ အကျင့်သီလလည်း မကောင်းဘူး၊ စရိုက်သဘာဝလည်း မကောင်းဘူး၊ အရည်အသွေးလည်း မကောင်းဘူး၊ စိတ်ဓာတ်လည်း မကောင်းဘူး၊ အတွေးအကြံလည်း မကောင်းဘူး၊ လုပ်ရပ်လည်း မကောင်းဘူး၊ လာခြင်းလည်း မကောင်းဘူး၊ လားရာလည်း မကောင်းဘူး၊ လောကအမြင်လည်း မကောင်းဘူး၊ လိပ်ပြာလည်း မကောင်းဘူး၊ ပိုင်ဆိုင်မှုလည်း မကောင်းဘူး၊ နာမည်လည်း မကောင်းဘူး၊ ကိုးကွယ်မှုလည်း မကောင်းဘူး၊ ဆရာတင်တာလည်း မကောင်းဘူး၊ ရာဇ၀င်လည်း မကောင်းဘူး ဆိုတာ တွေ့ရမှာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဟာ မကောင်းတဲ့ဖက်တွေမှာတော့ ဘက်စုံ ထူးချွန်နေတာ ပြည်သူတွေအသိဘဲ ဖြစ်တယ်။ ကိုယ့်တဘို့သာ ကိုယ်ကျိုးကြည့်တဲ့နေရာ ကောင်းတယ်၊ ရက်စက် ကြမ်းးကျုတ်တဲ့နေရာ ကောင်းတယ်၊ ဗြောင်လိမ်ဖို့ရာဆို ကောင်းတယ်၊ ကောက်ကျစ်ယုတ်မာရာမှာ ကောင်းတယ်၊ လှည်ဖြားရာမှာ ကောင်းတယ်၊ ခိုဆိုးရာမှာ ကောင်းတယ်၊ လုယက်ဓါးမြတိုက်ရာမှာ ကောင်းတယ်၊ ဖိနှိပ်ရာမှာ ကောင်းတယ်၊ မတရားအနိုင်ကျင့်ရာမှာ ကောင်းတယ်၊ သူများမျက်ရည်ကြီးငယ်ကျစေရာမှာ ကောင်းတယ်၊ ကပ်ဖားရပ်ဖားလုပ်ရာမှာ ကောင်းတယ်၊ သူများကိုနင်း နေရာလုရာမှာ ကောင်းတယ်၊ အခွင့်ထူးခံချင်တဲ့နေရာမှာ ကောင်းတယ်၊ အရှက်မရှိ လုပ်ရကိုင်ရရင် ကောင်းတယ်၊ တိုင်းပြည်ကို ဖျက်ဆီးရာမှာ ကောင်းတယ်၊ လူတွေကို လမ်းမှားပို့ရာမှာ ကောင်းတယ်၊ ဘယ်သူသေသေ ငတေမာဘို့ဆိုရင် ကောင်းတယ်။ အဲဒီလို ဗီဇဆိုး၊ စရိုက်ဆိုးတွေနဲ့ ပြီးပြည်စုံနေတဲ့သူအများစုနဲ့ ဖွဲ့စည်းတည်ထောင်ထားပြီး ပြည်သူ့ပိုင်ဘဏ္ဍာ၊ သယံဇာတတွေ ခိုးလို့ သူတို့ကတော့ ထားစရာမရှိအောင်ချမ်းသာ၊ တိုင်းပြည်ကိုတော့ ကမ္ဘာ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိစေခဲ့တာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီပါ။ ဘယ်တုံးကမှ ပြည်သူအကျိုးစီးပွားကို ရိုးရိုးသားသား နှမ်းတစေ့ တဆံခြည်မျှင်သော်မှ မဆောင်ရွက်ခဲ့ဘဲ အခုဆို လျှပ်စစ်မီးဆင်ပေးမယ်၊ မျိုးစပါးပေးမယ်၊ ငွေချေးမယ်၊ လမ်းဖောက်ပေးမယ်၊ ကြိုးတံတား ဆောက်ပေးမယ်စတဲ့ တနပ်စား တပွဲတိုးမက်လုံးတွေ ပေးပြီး ပြည်သူကို ဖြားယောင်းမဲဆွယ်နေကြတာ မဟုတ်လား။ ပြီးတော့ ဘာသာရေးကို အသုံးချပြီး အန်အယ်လ်ဒီကို တိုက်ခိုက်အပုတ်ချရင်း အထင်မှားအောင် မဲပြားအောင်လုပ်နေတာတွေ လူတိုင်းကြားနေရ မြင်နေရပါတယ်။ ကတိမတည်ကြည်သူတွေ၊ ကိုယ့်အမှားကို တာဝန်မယူရဲသူတွေ၊ မုသားစကားပြောရဲသူတွေ မကျူးလွန်ဝံ့တဲ့ အကုသိုလ်ကံဆိုတာ ဒီလောကမှာ မရှိတော့မို့  ဘယ်ရာဇ၀တ်မှုမျိုးမဆို ကျူးလွန်ပါလိမ့်မယ်။ ဗီဇဆိုးစရိုက်ဆိုးနဲ့ ဥာဏ်ပညာချို့တဲ့မှုဟာ မိုက်တွင်းကိုသာ တူးလေ့ ရှိတယ်။ ကိုယ်ကျင့်သီလ ကျိုးပြတ်မှုဟာ လောကပါလတရားလေးပါးနဲ့ တာဝန်ခံလိုစိတ်ကို လွှတ်ချပစ်လေ့ ရှိတယ်။ တာဝန်ယူရဲတဲ့ သတ္တိမရှိတဲ့အခါ ရိုးသားမှုဆိုတာ ပျောက်ဆုံးသွားတော့တာဘဲ။ ရိုးသားမှု ပျောက်ဆုံးတဲ့အခါ ယုတ်မာ ကောက်ကျစ်မှုတွေ မွေးဖွားတော့တာပါဘဲ။ ယုတ်မာကောက်ကျစ်မှုတွေဟာ အနိဌာရုံတွေဆီနဲ့ မကောင်းသောရလဒ်နဲ့  လားရာကိုသာ ရှေးရှုစေပါတယ်။ အဲ့ဒီလို ကောင်းကွက်ဆိုတာ ဘာမှမရှိ နတ္ထိ၊ မကောင်းတာတွေနဲ့သာ အတိပြီးနေတဲ့ ပြည်ခိုင်ဖြိုးပါတီကို နောက်ထပ် သက်တမ်း ၅ နှစ် ဆက်အုပ်ချုပ်ဖျက်ဆီးခွင့်ပေးစရာ၊ မဲပေးစရာအကြောင်း လုံးဝဥဿုံမရှိပါဘူး။ (ခ) ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲရေးကို ဘာလို့ လက်မခံနိုင်ရသလဲ မိဘပြည်သူများခင်ဗျား အစချီတဲ့ ပျားရည်ဖုံး သင်တုန်းဓားလို့ တင်စားရမဲ့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဗွေဆော်ဦးခြေလှမ်းတွေမှာကထဲက ရိုးသားမှုတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ တကယ်တော့ ဦးသိန်းစိန်တို့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ တိုင်းပြည်ကို ဖွတ်ဖွတ်ညှက်ညှက် ချေမွလို့ ကဏ္ဍစုံ အရည်အသွေး ကျ၊ ပျက်သုန်းနိုင်ငံအဆင့်ကိုရောက်စေရာမှာ တာဝန်ရှိခဲ့သူတွေပါ။ နောက်တခါ ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်မီးတောက်အောက်မှာ ဘယ်၍ဘယ်မျှရှိတယ်ဆိုတာ မခန့်မှန်းနိုင် မရေမတွက်ချက်ရဲလောက်တဲ့ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ အသက်ဆုံးပါးမှု ဘ၀ပျက်ဆုံးရှုံးခဲ့ရမှုတွေ၊ မခံမရပ်နိုင်လို့ လူထုအုံကြွမှုပေါ်လာတိုင်း ပစ်ခတ် နှိမ်နင်းခဲ့ရာမှာရော၊ မသေသင့်ဘဲ ပြည်သူပေါင်း ၁ သိန်းခွဲနီးပါး အသက်ဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တာဝန်ပျက်ကွက်မှုကြီးမှာပါ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ ဖြစ်စေ တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ ဒီတော့ အမှန်တကယ် နေုာင်တရလို့ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးလုပ်ချင်တဲ့သူတွေဆိုရင် မိမိနဲ့ မိမိအဖွဲ့အစည်းက မိဘပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်ခဲ့မှုတွေ၊ ရာဇ၀တ်မှုတွေ ကျကျနန တောင်းပန်မှု၊ အမှားဝန်ခံမှု၊ တာဝန်ဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ နစ်နာဆုံးရှုံးခဲ့ရသူတွေကို စာနာကြောင်း ရိုးရိုးသားသား ပြသဖို့ လိုသလို သူတို့ဘ၀တွေ ပြန်လည်ထူထောင်နိုင်အောင် အကူအညီတွေ ပေးသင့်တယ် မဟုတ်လား။ ပြီးရင် သူတို့ရဲ့ အစိုးရသက်တမ်း ၅ နှစ်ကာလတွင်းမှာ အောက်ပါအဓိကလုပ်ငန်းစဉ်တွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်။ ၁) တရားဥပဒေစိုးမိုးရေး အမြန်ဆုံးတည်ဆောက်ဖို့၊ ၂) ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသတ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရစေဖို့၊ ၃) နိုင်ငံရေးအင်အားစု အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရစေဖို့၊ ၄) တဖက်သတ်ရေးဆွဲပြီး ပြည်သူလူထုအကျိုးစီးပွားကို မဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများ လက်ခံလာအာင် မှန်မှန်ကန်ကန်ပြင်ဆင်ဖို့ ၊ ၅) အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ … စတာတွေပါဘဲ။ အခုတော့ ဗွက်ပေါက်အောင်ကျူးလွန်ခဲ့ ကိုယ့်ပြစ်မှုတွေကို ကိုယ်တိုင်တာဝန်မခံ၊ တာဝန်မယူတဲ့အပြင် ဒီမိုကရေစီဆိုတာ သူတို့ပေးထားတာလို့ ကျေးဇူးရှင်ပါ အဖြစ်ခံချင်နေတာဟာ လုံးဝမရိုးသားဘူးလို့ ပြောရမှာပါ။ အထက်မှာ ရေးပြခဲ့သလို အခြေခံကျကျ ပြုပြင်သင့်တာတွေ ထိထိရောက်ရောက်မပြင်ဘဲ လူပြိန်းကြိုက် အပေါ်ယံအပြောင်းအလဲတွေ လုပ်ပြ၊ ဗုဒ္ဓဘာသာဝင်အများစုကတောင် လက်မခံတဲ့၊ မစစ်မှန်တဲ့နည်းလမ်းတွေနဲ့ ဗုဒ္ဓဘာသာတခုထဲကို ကာကွယ်စောင့်ရှောက်သလို လုပ်ပြ၊ အများအလိုမတူဘဲ ဥပဒေတွေ ပြဌာန်းပြီး ကာကွယ်သယောင် လုပ်ပြတာဟာ သဘောမတူတဲ့ မိဘပြည်သူတွေနဲ့ ရှိရှိသမျှ တခြားဘာသာဝင်တွေကို စော်ကားပြနေတာဘဲ မဟုတ်လား။ ဦးသိန်းစိန်တို့ စစ်တပိုင်းအစိုးရဟာ စစ်အာဏာရှင်စနစ်ကို လူအများသည်းခြေကြိုက်မဲ့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးစကားလုံး ရွှေပြားဖုံးပြီး တိုင်းပြည်ရဲ့ ညီညွှတ်ရေးဖြိုခွဲခဲ့တာပါဘဲ။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီမျက်နှာဖုံးစွပ်လို့ ပြည်သူတွေကို ဒီမိုကရေစီအတုပေးနေတဲ့ ဦးသိန်းစိန်ကို မဲပေးအောင်စည်းရုံး မဲဆွယ်နေတဲ့လူတွေ၊ မဲပေးမယ့်သူတွေ၊ အမျိုးဘာသာသာသနာအကြောင်းပြပြီး ဆက်လက် အုပ်ချုပ်စေချင်တဲ့ လူရှင်ရဟန်းတွေကို ဆရာနန္ဒသိန်းဇံရဲ့” ကိုယ်ကျင့်တည်ကြည်ခြင်းနဲ့ အဆင့်မြင့်ခရီးစဉ်”စာအုပ်ထဲက အောက်ပါ စာသားတွေနဲ့ သတိပေးချင်ပါတယ်။ “ငါးပုပ်ကို သမန်းမြက်နှင့်ထုပ်သောအခါ သမန်းမြက်သည်လည်း အပုပ်နံ့နံသကဲ့သို့ ထို့အတူ လူမိုက်နှင့် ပေါင်းဖော်သောအခါ ပေါင်းဖော်သူလည်း သူမိုက်ဖြစ်လာရ၏။” “မွှေးသောတောင်ဇလပ်ပန်းကို ပေါက်ဖက် ဖြင့်ထုပ်သောအခါ ပေါက်ဖက်သည်လည်း အမွှေးနံ့ သင်းပျံ့သကဲ့သို့ထို့အတူ လူလိမ္မာနှင့်ပေါင်းဖော်သောအခါ၌ ပေါင်းဖော်သည်လည်း လူလိမ္မာ ဖြစ်လာရ၏။” ဒီဆောင်းပါးရဲ့ နိဂုံးချုပ်အနေနဲ့ ဦးသိန်းစိန်အစိုးရနဲ့ တကွ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအားလုံးကို တိုက်တွန်း အသိပေးလိုတာက နောင်တဆိုတာဟာ နောက်ကျတယ်ဆိုတာ မရှိဘူးဆိုတာပါဘဲ။ အမှားပေါ် အမှားဆင့်ပြီး နစ်သထက်မနစ်ရအောင် ကံနဲ့ ကံ၏အကျိုး ယုံကြည်စေဖို့ နောက်လာနောက်သားတွေကို ကိုယ့်အမှား ကိုယ်တာဝန်မယူတဲ့ ယဉ်ကျေးမှုနဲ့ အစဉ်အလာကို လက်ဆင့်ကမ်းအမွေ မထားရစ်စေဖို့ ကိုယ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အားလုံးအတွက် တိုင်းသူပြည်သားတွေကိုဝန်ချတောင်းပန်ခြင်းကစလို့ တာဝန်ယူမှုတွေ ပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာပြည်သူပြည်သားတွေကို တိုက်တွန်းလိုတာက လူ့ဂျပိုး၊ စစ်ဂျပိုးတွေရဲ့လှည့်ကွက် အလိမ်အညာတွေကို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်ပိုင်းခြားပါ။ လူမျိုးတမျိုး၊ တဘာသာအရေးသာမကြည့်ဘဲ နှလုံးသားကြီးကြီးနဲ့ လူမျိုးပေါင်းစုံ သဟဇာတဖြစ်ရေး ပြည်ထောင်စုအရေးကို ဦးထိပ်ပန်ဆင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ လူရှင်အာဇာနည် ကုဋေချီရှိတဲ့တိုင်းပြည်က မြန်မာပြည်သူပြည်သား သန်း ၅၀ ကျော်နဲ့ သူတို့ရဲ့ နောက်မျိုးဆက်သစ်တွေကို စစ်ကျွန်ဘ၀က အပြီးတိုင်လွတ်မြောက်ဖို့ ဘုရားဟောတရားနဲ့ ညီညွတ်တဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် ကမ္ဘာ့အလယ်တင့်တယ် ခေါင်းမော့နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောမဲပေးခြင်းနဲ့ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ကို တိုင်းပြည်အတွက်ဖြစ်ပါစေလို့ ဆန္ဒမွန်ပြုလျှက်။ ။ မင်းကောင်းချစ် နိုဝင်ဘာလ (၄) ရက်နေ့ ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024