Home
မြန်မာသတင်း
တိုင်းရင်းသားဒေသများတွင် ထိုးစစ်ရပ်ရန် ရှမ်း ၂၇ ဖွဲ့ တောင်းဆို
နန်းမြနဒီ
·
November 6, 2015
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဌာနချုပ်ကို အစိုးရတပ်က ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်တံ့ပေးဖို့ ပြည်တွင်းပြည်ပအခြေစိုက် ရှမ်းလူထုအခြေပြုအဖွဲ့ ၂၇ ဖွဲ့က  တောင်းဆိုလိုက်ပါတယ်။ ၁ လတာအတွင်း  ကျေးသီး၊ မိုင်းရှူး၊ မိုင်းနောင် နဲ့ တန်းယန်းမြို့နယ်တွေရှိ ရွာပေါင်း ၂၂ ရွာက လူ ၆ ထောင်ကျော်ဟာ လူမှု၊ စီးပွား၊ ပညာရေး အစစအရာရာ နစ်နာဆုံးရှုံးနေရတဲ့အတွက် ခုလိုတောင်းဆိုတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ ကွန်ရက်အဖွဲ့ ပြောခွင့်ရ စိုင်းဆိုင်မိုင်းက ဒီဗွီဘီ ကို ပြောပါတယ်။ “တိုက်ပွဲဖြစ်တော့ ပြည်သူတွေမှာ အစစနစ်နာဆုံးရှုံရပါတယ်။  ပထမဆုံးကတော့ ရွေးကောက်ပွဲမှာ မဲပေးရဖို့ အခွင့်အရေးဆုံးရှုံးတယ်၊ ပြည်ထောင်စုထဲက တိုင်းရင်းသားချင်းအတူတူ အခြားနိုင်ငံသားတွေလို နိုင်ငံသားအခွင့်အရေးမရဘူး၊ ကောက်ပဲသီးနှံတွေ မစိုက်ပျိုးရ မရိတ်သိမ်းရလို့ အလုပ်အကိုင်ပျက်တယ်။ ကလေးတွေ စာမသင်ရဘူး။ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစစ ဆုံးရှုံးရတယ်။ အစိုးရတပ်ဟာ ထိုးစစ်ဆင်ရုံတင်မကဘဲ ဒုက္ခသည်တွေကို သွားပြီးအကူအညီပေးတဲ့ ယာဉ်တန်းတွေ၊ ပစ္စည်းတွေ၊ လူတွေကိုပါ စစ်ဆေးဟန့်တားတာတွေရှိတယ်။” ဒါ့အပြင် အစိုးရတပ်ဟာ အခါကြီးရက်ကြီး ဘာသာရေးပွဲကျင်းပစဉ်မှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ရွာသားတချို့လည်း ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့အတွက် လူ့အခွင့်အရေးနဲ့  လူသားချင်းစာနာမှု ဥပဒေကို လေးစားမှု မရှိဘူးလို့လည်း ရှမ်းအဖွဲ့အစည်းတွေက ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားရင် တိုင်းရင်းသားနယ်မြေထဲ ဖြည့်တင်းထားတဲ့ စစ်အင်အားတွေ ရုပ်သိမ်းပြီး တိုက်ပွဲတွေ ရပ်တံ့ပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ မြန်မာပြည်ထဲရောက်နေတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေအနေနဲ့လည်း တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာကို ၀ိုင်းဝန်းရှုတ်ချပေးဖို့နဲ့၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့တိုက်တွန်းထားပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ရှမ်းအဖွဲ့အစည်းကိုယ်စားလှယ်တွေကလည်း ချင်းမိုင်မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံးနဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးတွေကို သွားရောက်ပြီး တိုက်ပွဲတွေ ရပ်တန့်ရေး တောင်းဆိုထားတဲ့ ကြေညာချက်ကို ပေးပို့ခဲ့ကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024