A d v e r t i s e m e n t With Us

မြန်မာအသင်းကို ခက်ခက်ခဲခဲကစားရမည်ဟု ဟောင်ကောင်နည်းပြပြောကြား

မြန်မာလက်ရွေးစင်ဘောလုံးအသင်းနဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ယှဉ်ပြိုင်  ကစားမယ့် နိုင်ငံတကာ ခြေစမ်းပွဲဟာ ခက်ခဲနိုင်တယ်လို့   ဟောင်ကောင်နည်းပြချုပ်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ညနေ ဟောင်ကောင် မောင်းကွပ် အားကစားကွင်းမှာ ပြုလုပ်တဲ့ မြန်မာနဲ့ ဟောင်ကောင်လက်ရွေးစင်အသင်းတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲ အကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဟောင်ကောင်လက်ရွေးစင်အသင်း နည်းပြချုပ်က "ကျနော်တို့ အခုယှဉ်ပြိုင်မယ့် မြန်မာအသင်းနဲ့ ခြေစမ်းပွဲက ကျနော်တို့အတွက် အရေးကြီးပါတယ်။ ကမ္ဘာ့ ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်မှုလည်းဖြစ်ပါတယ်။ မြန်မာအသင်းဟာ အာဆီယံမှာ တောင့်တင်းတဲ့ အသင်းတသင်းဖြစ်ပြီး ကစားသမားတွေက တော်တော်မြန်ပါတယ်။ ကျနော်တို့အတွက် ခက်ခဲနိုင်ပါတယ်" လို့ ပြောပါတယ်။ မြန်မာနည်းပြချုပ် ဂတ်ဆီဇီ ကတော့ ရွေးကောက်ပွဲရှိနေလို့ လူစုံတက်စုံ လေ့ကျင့်ခွင့် မရခဲ့ ပေမယ့် ကစားသမားတွေအနေနဲ့ အကောင်းဆုံးကစားသွားမယ်လို့ ယုံကြည်တဲ့ အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ “ကျနော်တို့ ဟောင်ကောင်အသင်းနှင့်ပွဲမှာ ပေါ့ဆလို့ မရပါဘူး။ အထူးသဖြင့် ဟောင်ကောင်အသင်းမှာ နိုင်ငံခြားကစားသမားတွေ ပါလာတဲ့အတွက် အတော်လေးတိုးတက်လာပါတယ်။ အမှန်အတိုင်းပြောရရင် ကျနော်တို့အသင်း လေ့ကျင့်ရက်တွေက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်နေတဲ့အတွက် ကစားသမားတွေကို သူတို့မွေးရပ်မြေမှာ ကြိုတင်မဲပေးနိုင်ဖို့အတွက် ပြန်လည်စေလွှတ်ခဲ့ပါတယ်။ မနေ့ကမှစပြီး လူစုံတက်စုံလေ့ကျင့်ရေးစခဲ့ပါတယ်။ ကျနော့်ကစားသမားတွေ အကောင်းဆုံးလုပ်ပြနိုင်မယ်လို့  ယုံကြည်ပါတယ်။" မြန်မာ့လက်ရွေးစင်အသင်းဟာ  နိုဝင်ဘာ ၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ဟောင်ကောင်နဲ့ ခြေစမ်းပွဲကစားပြီးနောက် တောင်ကိုရီးယားနိုင်ငံကို ဆက်လက်ထွက်ခွာဖို့ရှိပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တောင်ကိုရီးယားလက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဓာတ်ပုံ - မြန်မာဘောလုံးအဖွဲ့ချုပ်  

A d v e r t i s e m e n t With Us

More News
Up