A d v e r t i s e m e n t With Us

မဲဆွယ်စည်းရုံးစဉ် အန်အယ်လ်ဒီ အမတ်လောင်း ဦးစိုးမြင့် ရုတ်တရက် ကွယ်လွန်

စစ်ကိုင်းတိုင်း  မြင်းမူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်ဟာ ဒီနေ့မွန်းလွဲပိုင်းက  မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် ရုတ်တရက် ကွယ်လွန်သွားတယ်လို့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်နိုင်က  ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ မြင်းမူ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစံသက်ထွန်းကလည်း ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်ဟာ နေ့လယ် ၁၂ နာရီကျော်လောက်က မြင်းမူဈေးထောင့်မှာ မဲဆွယ်စည်းရုံးစဉ် ကွယ်လွန်သွားတာလို့ ပြောပါတယ်။ “သူက နှလုံးရောဂါ ရသွားတဲ့သဘောပါပဲ။ အခု မြင်းမူ ဆေးရုံကြီးမှာ ရင်ခွဲကြည့်လိုက်တော့ နှလုံးမှာ အဆီတွေ အများကြီးဖုံးနေတယ်။ ဒီမှာ ကျနော်တို့  မဲဆွယ်စည်းရုံးရေးအတွက် သီးချင်းဆိုနေတဲ့အချိန်မှာ ရုတ်တရက်လဲကျသွားတာပေါ့။” သူရုပ်အလောင်းကို မြင်းမူမြို့ အမှတ် ၄ နေအိမ်ကို ပြန်သယ်သွားပြီဖြစ်ပြီး ဈာပနအတွက် ပြင်ဆင်နေတယ်လို့ ဦးစိုးစံသက်ထွန်းက ပြောပါတယ်။ ဦးစိုးမြင့်ဟာ ဒီမိုကရေစီအတွက် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူတဦး ဖြစ်တဲ့အတွက် သူချစ်တဲ့ ဒီမိုကရေစီရရှိဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။ “ကျနော့်အနေနဲ့ကတော့ စိတ်မကောင်ဘူးပေါ့ဗျာ။ ကျနော်တို့နဲ့ လက်တွဲပြီးလုပ်ခဲ့တဲ့ ရဲဘော်ရဲဘက် တယောက် ဒီလိုမျိုးအချိန်မှာ ရုတ်တရက်ဖြစ်သွားတဲ့ပေါ်မှာ စိတ်မကောင်ဘူး။ ယုံလည်းမယုံနိုင်ဘူး။ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ ဦးစိုးမြင့်ချစ်တဲ့ ဒီမိုကရေစီကို အကုန်လုံးက ၀ိုင်းဝန်းပြီးတော့ သူ့အတွက် ပိုပြီးတော့ အာရုံစိုက်ပြီး လုပ်ဆောင်နေကြဖို့ ပြောချင်ပါတယ်။” ဦးစိုးမြင့်ဟာ အသက် ၅၃ နှစ်ရှိပြီး ကွယ်လွန်ချိန်မှာ သမီး မစိုးနန္ဒထွန်းတဦးတည်း ကျန်ရှိခဲ့ပါတယ်။ မြင်းမူမြို့နယ်  မဲဆန္ဒနယ်အမှတ် ၁ မှာ  အန်အယ်လ်ဒီပါတီက ဦးစိုးမြင့်၊ ကြံ့ခိုင်ရေးပါတီက ဦးသောင်းမြင့်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးကျော်စိုးဦးတို့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up