A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ဆေးခြောက်စိုက်ခွင့်ဥပဒေ အတည်ပြု

မက္ကဆီကိုနိုင်ငံမှာ တကိုယ်ရေ အပန်းဖြေဖို့ ဆေးခြောက်စိုက်ခွင့် ပြုမယ့် ဥပဒေ တရပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က မက္ကဆီကို ဗဟိုတရားရုံးချုပ်က အတည်ပြုပေးလိုက်ပါတယ်။ ဒီဥပဒေကို ဆေးခြောက် တရားဝင်သုံးစွဲခွင့်ရရေး လှုပ်ရှား နေတဲ့ မက္ကဆီကို လူမှုလှုပ်ရှားမှုအဖွဲ့ဝင်တွေရဲ့ ထောက်ခံမဲ ၄ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ ဗဟိုတရားရုံးက အတည်ပြု လိုက်တာပါ။ နောက်ပိုင်းမှာ မက္ကဆီကိုနိုင်ငံ တနိုင်ငံလုံးမှာ တကိုယ်ရေ ဆေးခြောက်စိုက်ပျိုးသုံးစွဲခွင့် တရားဝင် ပြဋ္ဌာန်းဖို့ လမ်းဖွင့်ပေးလိုက်တာလို့ ဒေသတွင်းသတင်းတွေ က ဖော်ပြကြပါတယ်။ မူးယစ်ဆေး ဥပဒေ ပြုပြင် ပြောင်းလဲရေးသမားတွေကတော့ မူးယစ်ဆေးသုံးတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာဟာ ဈေးပိုကြီးတာ သာ အဖတ်တင်ပြီး တရားစီရင်မှုစနစ် မလိုအပ်ဘဲ ရှုပ်ထွေးစေတယ်၊ အမှုသေးလေးတွေနဲ့ လူတွေ ထောင်ထဲ မှာ ပြည့်နေတယ်လို့ ငြင်းပြော ပြောပါတယ်။ ၂၀၀၉ ခုနှစ်က စပြီး မက္ကဆီကိုနိုင်ငံအတွင်း တရားဝင်ခွင့်ပြုချက် အရ ဆေးခြောက် ၅ ဂရမ် ကိုကင်း မီလီဂရမ် ၅၀၀၊ ဘိန်းဖြူနဲ့ မက်သာအဖက်တာမင်း စိတ်ကြွဆေး အင်မတန် နည်းတဲ့ ပမာဏကို တရားဝင် သယ်ဆောင်နိုင်ပါတယ်။ လက်ရှိ သမ္မတ Pena Nieto ဦးဆောင်နေတဲ့ မက္ကဆီကို အစိုးရဟာ လက်ရှိအချိန်မှာ ဒေသဆိုင်ရာ မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ ကြီးစိုးမှုတွေ၊ မူးယစ်ဆေးဝါး အခြေခံတဲ့ အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ၊ အစိုးရနဲ့ လုံခြုံရေးအာဏာပိုင်ကိုယ်တိုင် မူးယစ်ဆေးဝါးမှုမှာ ပါဝင် ပတ်သက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ သမ္မတကတော့ အခုတရားရုံးချုပ် ဆုံးဖြတ်ချက်ကို သံသယ ရှိပေမယ့် ဗဟိုတရားရုံး ဆုံးဖြတ်ချက်ကို ထောက်ခံလေးစားတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up