A d v e r t i s e m e n t With Us

တိုကျိုတွင် လိင်တူချင်း လက်ထပ်ခွင့် ပြုပြီ

ဂျပန်နိုင်ငံမှာ လိင်တူချင်းလက်ထပ်ခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က မြို့တော် တိုကျိုက ခရိုင်တရားရုံးတခုမှာ ပထမဆုံး ခွင့်ပြုလိုက်ပါတယ်။ ဒီတရားရုံးက အခုလို ဂျပန်နိုင်ငံမှာ ပထမဆုံး ခွင့်ပြုလိုက်တာဟာ လိင်တူတွေနဲ့ ပတ်သက်ပြီး ရှေးရိုးဆန်တဲ့ ဂျပန်လူမှုအသိုင်းအ၀ိုင်းအတွက် တိုးတက်တဲ့ခြေလှမ်းလို့ ဆိုကြပါတယ်။ မိန်းကလေးလိင်တူတပ်မက်သူ ၂ ဦး ရှီဘူရာ ခရိုင်ခန်းမမှာ ရုံးတက်လက်ထပ်စာချုပ် လက်မှတ်ထိုးခဲ့ကြပြီး တရားဝင်ကြင်ယာအခွင့်အရေးတွေလည်း ရရှိကြမှာပါ။ လက်ထပ်ခဲ့သူ မိန်းကလေးတဦးက အခုလို သူတို့နေထိုင်တဲ့ ခရိုင်တရားရုံးက သူတို့ကို တရားဝင် လက်ထပ်ခွင့်ပေးလိုက်တဲ့အတွက် အတိုင်းမသိ ၀မ်းသာတယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ အခု လိင်တူလက်ထပ်ခွင့် ပေးလိုက်တဲ့ ရှီဘူရာခရိုင်နဲ့ ကပ်ရပ် ခရိုင်မှာလည်း အခုလိုပဲ လိင်တူချစ်သူတွေကို လက်ထပ်ခွင့်ပေးခဲ့ပါတယ်။ ဒီတိုကျိုမြို့တော် ခရိုင် ၂ ခုလုံးမှာ လူဦးရေ ၁ သန်းကျော် နေထိုင်ပြီး မြို့တော်ရဲ့ အချမ်းသာဆုံးခရိုင်တွေ ဖြစ်ကြပါတယ်။ တိုကျိုမြို့တော်အပြင်မှာတော့ ယိုကိုဟားမားခရိုင်လည်း လိင်တူချစ်သူတွေ လက်ထပ်ခွင့်ပေးဖို့ စဉ်းစားနေပါတယ်။ လက်ရှိ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ၀န်ကြီးချုပ် အာဘေးကတာ့ ဒီလိင်တူအခွင့်အရေးတို့၊ အခြေခံဥပဒေလက်ထပ်မှုဆိုင်ရာဥပဒေတွေ ပြုပြင်မှုတွေကို သတိနဲ့ လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့် မကြာခင်ကပဲ ဂျပန်ပညာရေးဝန်ကြီးက လာမယ့် တိုကျို ၂၀၂၀ အိုလံပစ်မတိုင်ခင် ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးတွေကို အားပေးဖို့ ဒေသခံမီဒီယာနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တဲ့အတွက် ဂျပန်လိင်တူတပ်မက်သူ အသိုင်းအ၀ိုင်းက အံ့သြ ၀မ်းသာခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up