ဆူဒန် တောင်ပိုင်းတွင် ကုန်တင်လေယာဉ်ပျက်ကျ၊ လူ ၄၁ ဦးထက်မနည်း သေဆုံး (ရုပ်သံ)

2.4K
ရုရှားနိုင်ငံလုပ် ကုန်တင်လေယာဉ်တစီးဟာ နိုဝင်ဘာ ၄ ရက်နေ့က တောင်ပိုင်း ဆူဒန်နိုင်ငံမြို့တော် လေဆိပ်က ထွက်ခွာချိန်မှာ မြစ်ကမ်းပါးတခုပေါ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည်တွေနဲ့ မြေပြင်ကမ်းပါးပေါ်ရှိ လူဦးရေ စုစုပေါင်း ၄၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဂျူဘားလေဆိပ်မှ ထွက်ခွာစဉ် အချိန်တိုလေးအတွင်းမှာပဲ လေယာဉ်ဟာ နိုင်းမြစ်ဖြူကမ်းပါးပေါ် ထိုးဆင်းသွားခဲ့ပြီး အမြီးပိုင်းကျိုးကျကာ လေယာဉ်ကိုယ်ထည်ကတော့ မြစ်ကမ်းဘေး စိုက်ခင်းတခုဆီ ထိုးကျသွားခဲ့တာပါ။
လေယာဉ်အမှုထမ်းတဦးနဲ့ ကလေးငယ်တဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အက်တန်နီဝက်ခ်အက်တန်နီက ပြောပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းတွေ အပါအ၀င် ခရီးသည် ၂၀ ဦးလောက် ပါရှိနိုင်ပြီး ဦးရေအတိအကျကို အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။
အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးကတော့ ဒီမတော်တဆမှုမှာ လူဦးရေအနည်းဆုံး ၄၁ ဦးထက်မနည်း သေဆုံးနိုင်ပြီး သေဆုံးသူဦးရေ ထပ်တိုးလာဖို့သာရှိတယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။
အန်တန်နီက လေယာဉ်ပျက်ကျတဲ့နေရာ မြေပြင်မြစ်ကမ်းပါးပေါ်မှာ ငါးဖမ်းလုပ်သားတွေ ရှိနေတာဖြစ်ပြီး အရေအတွက် အတိအကျကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
တောင်ပိုင်း ဆူဒန်မီဒီယာတွေက အဲဒီကုန်တင်လေယာဉ်ပေါ်မှာ ရုရှားနိုင်ငံသား လေယာဉ်အမှုထမ်း ၅ ဦးနဲ့ ခရီးသည် ၇ ဦး ပါဝင်တယ်လို့ ဖော်ပြခဲ့ပြီး တောင်ဆူဒန်ထရီဗျူး သတင်းကတော့ အသက်ရှင်ကျန်ရစ်သူနှစ်ဦးထဲက တဦးဟာ ကလေးငယ်ဖြစ်တယ်လို့ တွစ်တာ အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။