ချင်းပြည်သူ အများစု မဲပေးရန် အခက်အခဲရှိ
နော်နိုရင်း
·
November 5, 2015
ရွေးကောက်ပွဲကျင်းပဖို့ ၄ ရက်သာလိုပေမယ့် ချင်းပြည်နယ်က ပြည်သူအများစု မဲဘယ်လိုပေးရမလဲဆိုတာ မသိတဲ့ပြည်သူတွေ အများအပြား ရှိနေတယ်လို့ ချင်းပါတီတွေက ပြောပါတယ်။
ချင်းပြည်နယ် ဖလန်းမြို့နယ်က ကျေးလက်ဒေသတွေမှာဆိုရင် မဲဘယ်လိုပေးရမလဲဆိုတာ ကော်မရှင်က ပညာပေးမှုတွေ မရှိသလို ပြည်သူတွေက မဲပေးရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူး ၁ ဆလိုင်းထီယံအုပ်ထန်က ပြောပါတယ်။
“ဒီနေ့အချိန်အထိပေါ့လေ၊ ရွာတွေမှာက မဲဘယ်လိုပေးရမလဲဆိုတော့ voter education ကို ကော်မရှင် မလုပ်ပေးနိုင်သေးတဲ့ အနေအထားတွေရှိတော့ ရွာဘက်မှာဆိုရင် ၂၀၁၀ တုန်းက ဘောပင်မကိုင်ဘူးတဲ့ တောင်ယာသမားတွေလည်း အများကြီးရှိတယ်။ ဘောပင်ကိုင်ဖို့တောင် မ၀ံ့မရဲဖြစ်နေတဲ့ အနေအထားမှာ အခု တံဆိပ်တုန်း ကိုင်ရမှာဆိုတော့ တံဆိပ်တုန်းကိုင်ဖို့ကို စိတ်ထဲကနေ စိုးရိမ်ထိတ်လန့်နေတဲ့ မဲဆန္ဒရှင်တွေလည်း တွေ့ရတယ်။ အဲဒါတွေအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုပေါ့လေ။ ကော်မရှင်ဘက်ကနေ အားထုတ်မှုအပိုင်း အားနည်းတယ်လို့ မြင်ပါတယ်။”
ဆလိုင်းထီယံအုပ်ထန်ဟာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူး ၁ ဖြစ်သလို ဖလန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။
ချင်းပြည်နယ် တီးတိန်းဘက်မှာတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက် မပြတ်သားတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်နေတယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဦးဂနှင့်ကမ်းလျန်က ပြောပါတယ်။
“အခုဟာက ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့မှ နည်းနည်းရှုပ်ထွေးမှုတွေ ရှိတယ်လေ။ ဟို အထွေထွေရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားချက်က မပြတ်သားဘူးလေ။ ကြိုတင်မဲတွေကျတော့ ဒီမှာ ဘောပင်လေးတွေနဲ့ ခြစ်လိုက်တယ်လေ။ ညွှန်ကြားချက် တံဆိပ်တုံးနဲ့ ထုရမယ်ဆိုပြီး ပါလာပြန်ရော၊ ပြီးတော့ နောက်ဆုံး ကော်မရှင် ကြေညာတာတော့ ဘောပင်နဲ့ခြစ်လည်း ရတယ်တဲ့။ တံဆိပ်တုံးလည်း ထုရတယ်ဆိုတော့ ရှုပ်ကုန်ပြီ။ ညွှန်ကြားချက်က ၂ မျိုး ဖြစ်နေတာပေါ့။ တချို့ ရပ်/ကျေးမှာ တံဆိပ်တုံးမထုဘဲ ဘောပင်နဲ့ ခြစ်လိုက်တယ်။ ဆိုတော့ အဲဒီကြိုတင်မဲလုပ်တဲ့သူက ပြန်သွားဖို့ မလွယ်တော့တဲ့ အနေအထား ဖြစ်တယ်။ အဲတော့ ကျနော်တို့ ဆုံးရှုံးတာပေါ့။”