အနောက်ဘက်ကမ်း အခြေစိုက် ရေဒီယိုအသံလွှင့်ရုံကို အစ္စရေးတပ် စီးနင်း

ဓာတ်ပုံ - ရိုက်တာ
1.4K
အစ္စရေးတပ်တွေက အနောက်ဘက်ကမ်းပါးမှာ အခြေစိုက်တဲ့ ရေဒီယို အသံလွှင့်ရုံ တခုကို နိုဝင်ဘာ ၃ ရက် အရုဏ်မတက်ခင်က စီးနင်း ပိတ်သိမ်းခဲ့ပါတယ်။
ဒီအသံလွှင့်ရုံဟာ လှုံ့ဆော်တာတွေကို အသံလွှင့်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေး စစ်သားတွေဟာ ကွန်ပျူတာတွေနဲ့ အသံလွှင့်စက်တွေ အပါအဝင် သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို သိမ်းခဲ့တယ်၊ အသံလွှင့်လို့ မရအောင် လုပ်ခဲ့တယ်လို့ ဟီဘရွန်မြို့က အယ်လ်ဟိုရီးယာ ရေဒီယို အသံလွှင့်ရုံရဲ့ ဝန်ထမ်းတွေက ပြောပါတယ်။
ဒီအသံလွှင့်ရုံမှာ ဝန်ထမ်း ၄၅ ဦးလောက် ရှိတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
ရေဒီယို အသံလွှင့်ရုံ အကြီးအကဲ အိုင်မန် ကာဝါစမာကတော့ သူတို့ထုတ်လွှင့်နေတဲ့ အချက်တွေက အမှန်တရားကို ဖော်ထုတ်ခဲ့လို့ ခုလို အတင်း ပိတ်သိမ်းခံရတာလို့ ပြောပါတယ်။
အယ်လ်ဟိုရီယာ အသံလွှင့်ရုံဟာ အစ္စရေးနိုင်ငံကို ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ လှုံ့ဆော်မှုတွေကို အသံလွှင့်ခဲ့တယ်၊ ဓားနဲ့တိုက်ခိုက်တာတွေကို အားပေးပြီး အကြမ်းဖက် ချီတက်မှုတွေကို ထောက်ခံခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရရဲ့ ရုံးက ကြေညာချက်ထဲမှာ ပြောပါတယ်။
အစ္စလာမ်နဲ့ ဂျူးဘာသာဝင် ၂ ရပ်လုံးရဲ့ မြင့်မြတ်တဲ့ နေရာဖြစ်တဲ့ အယ်လ်အဲ့စာ ဗလီ ပရိဝုဏ်အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်း တင်းမာနေတာပါ။
၂၀၁၄ ဂါဇာစစ်ပွဲအပြီး အဆိုးဆုံး အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတာ ၂ လ ရှိပါပြီ။
အောက်တိုဘာ ၁ ရက်ကနေ ခုထိ အစ္စရေးတပ်တွေကြောင့် ပါလက်စတိုင်း အနည်းဆုံး ၆၇ ဦး သေဆုံးခဲ့ပြီ ပါလက်စတိုင်းတွေရဲ့ ပစ်ခတ်မှု၊ ဓားထိုးမှုတွေကြောင့် အစ္စရေး ၁၁ ဦး သေဆုံးခဲ့ပါတယ်။
ပါလက်စတိုင်းတွေကတော့ အစ္စရေးဟာ မွတ်စလင်မဟုတ်တဲ့ ဘုရားဖူးတွေကို ပိတ်ပင်မယ့် သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပါတယ်။
အစ္စရေးကတော့ ပါလက်စတိုင်း အရာရှိတွေက စွပ်စွဲချက်တွေကို ဖြန့်ချိပြီး အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်တယ်လို့ တန်ပြန်စွပ်စွဲခဲ့ပေမယ့် ပါလက်စတိုင်းတွေကတော့ စွပ်စွဲချက် မှားတယ်လို့ ပြောခဲ့ပါတယ်။