ချဲလ်ဆီးအသင်းသားများ တော်လှန်နေပြီဆိုသည့် သတင်း မော်ရင်ဟို ငြင်းဆန်

ဓာတ်ပုံ - ရိုက်တာ
1.5K
ချဲလ်ဆီးအသင်းသားတွေက နည်းပြကို တော်လှန်နေကြပြီဆိုတဲ့ သတင်းတွေကို မော်ရင်ဟိုက ငြင်းဆန်သွားပါတယ်။
နောက်ပြီး ချဲလ်ဆီးကစားသမားတွေထဲက တယောက်ဟာ မော်ရင်ဟိုလက်အောက်မှာ ကစားဖို့ထက် ဘောလုံးပွဲကို အရှုံးခံကစားဖို့သာ လုပ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း မော်ရင်ဟိုက ပယ်ချသွားပါတယ်။
“ဒါက စိတ်ပျက်ဖို့ကောင်းတဲ့ စွပ်စွဲချက်တွေပါ၊ ခင်ဗျားတို့ သတင်းထောက်တွေဟာ ကစားသမားတွေ ဒါမှမဟုတ် ကစားသမားတယောက်ကို အပုပ်ချသလို ဖြစ်နေပြီ” လို့ မော်ရင်ဟိုက ဆိုပါတယ်။
ကစားသမားတွေဟာ လက်ရှိအချိန်မှာ စည်းစည်းလုံးလုံးရှိနေပြီး လိဂ်ပြိုင်ပွဲ ၁၁ ပွဲမှာ ၃ ပွဲပဲ နိုင်သေးလို့ သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည်ပြသချင်နေကြတယ်လို့ မော်ရင်ဟိုက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့တပတ်က လီဗာပူးလ်ကို ရှုံးနိမ့်တဲ့ပွဲအပြီး သတင်းထောက်မေးတဲ့ မေးခွန်း ၁၀ ခုလောက်ကို မော်ရင်ဟိုက ပြောစရာမရှိဘူးဆိုတဲ့ စကားတခွန်းနဲ့ပဲ အကြိမ်ကြိမ် ဖြေကြားသွားခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ငြင်းဆန်သွားပြီး အသင်းရဲ့ လက်ရှိ ဆိုးဝါးနေတဲ့ အခြေအနေတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ မော်ရင်ဟိုက သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။
လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုတွင်း တတိယနေရာမှာ ရှိနေပြီး နိုဝင်ဘာ ၄ ရက် ညမှာ အုပ်စု ဒုတိယနေရာက ဒိုင်နမိုကိယက်ဗ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။