အိန္ဒိယတွင် အဓမ္မပြုကျင့်သည့် တက္ကစီသမားကို ထောင်ဒဏ်တသက်ချ

တရားခံ(လယ်-ဂျာကင်မည်းဝတ်) ကို ရဲတပ်ဖွဲ့ဝင်များ ခေါ်ဆောင်လာစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
4.9K
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ဦဘား (Uber) တက္ကစီ ငှားစီးလာတဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ ယာဉ်မောင်းကို နိုဝင်ဘာ ၃ ရက်နေ့က ထောင်ဒဏ် တသက်တကျွန်း ချလိုက်ပါတယ်။
တက္ကစီယာဉ်မောင်းဟာ ငှားစီးသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးကို ခြိမ်းခြောက်အကျပ်ကိုင်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ပါ ပြစ်ဒဏ်စီရင်ခံရတာပါ။
အဲဒီနောက်ပိုင်း စမတ်ဖုန်းတွေနဲ့ တက္ကစီငှားစီးလို့ရတဲ့ ဦဘား တက္ကစီဝန်ဆောင်မှုနဲ့ အလားတူ ၀န်ဆောင်မှုတွေ အားလုံးကို ပိတ်ပင်လိုက်ပါတယ်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးဟာ မူရင်းကုမ္ဗဏီဖြစ်တဲ့ အမေရိကန် Uber ကုမ္ပဏီကိုပါ တရားစွဲဆိုခဲ့ပေမယ့် နှစ်ဘက်ပြေလည်မှု ရရှိခဲ့ပါတယ်။
တရားခံရှေ့နေကတော့ တရားခံဟာ အပြစ်မရှိဘူး၊ အဆင့်မြင့်တရားရုံးမှာ အယူခံဝင်မယ်လို့ ပြောဆိုပါတယ်။
၂၀၁၂ ခုနှစ်ကလည်း မြို့တော် ဒေလီမှာ ဆေးကျောင်းသူတဦးကို ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဓမ္မပြုကျင့်မှုတွေကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်လာတာ၊ ဥပဒေ တင်းကျပ်တာတွေ၊ အရေးပေါ် တရားစီရင်မှုတွေ လုပ်လာပေမယ့် ဒီအဓမ္မပြုကျင့်မှုတွေဟာ သိသိသာသာ ကျမသွားပါဘူး။
ပြီးခဲ့တဲ့လက ဒေလီမြို့မှာပဲ ကလေးငယ် ၂ ဦး တရက်တည်း အဓမ္မပြုကျင့်ခံရလို့ အိန္ဒိယပြည်သူတွေ စိတ်ဆိုး အမျက်ထွက်ခဲ့ကြပါတယ်။