တူရကီ အတိုက်အခံ ဘာသာရေးခေါင်းဆောင်နှင့် နီးစပ်သူ ၃၅ ဦးကို ဖမ်းဆီး

တူရကီအတိုက်အခံ ဘာသာရေးခေါင်းဆောင် ဂူလန်။ (ဓာတ်ပုံ - ရိုက်တာ)
တူရကီအစိုးရ အတိုက်အခံ ဘာသာရေးခေါင်းဆောင် ဖေ့တူလား ဂူလန် (Fethullah Gulen) နဲ့ နီးစပ်သူ ၃၅ ဦးဟာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှု စွဲချက်နဲ့ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခံရပါတယ်။ လက်ရှိသမ္မတ အာဒိုဂန် (Erdogan) ရဲ့ အေကေပါတီက နိုဝင်ဘာ ၁ ရက်နေ့ ပါလီမန်ရွေးကောက်ပွဲမှာ မဲနေရာအများစု အနိုင်ရရှိခဲ့အပြီး အခုလို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ရဲအရာရှိတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဘာသာခေါင်းဆောင် ဂူလန်ဟာ အရင်က လက်ရှိသမ္မတ အာဒိုဂန်နဲ့ နီးစပ်သူတဦးဖြစ်ပြီး စင်ပြိုင်အစိုးရထူထောင်ဖို့ ကြိုးစားမှု၊ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှု စွဲချက်တွေနဲ့ ၂၀၁၄ ခုနှစ်မှာ ဖမ်းဝရမ်းထုတ်ခံရပြီး လောလောဆယ် သူဟာ အမေရိကန်နိုင်ငံမှာ တိမ်းရှောင်နေပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခံရသူ အရာရှိတွေဟာ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာလို့ တူရကီအစိုးရပိုင် သတင်းဌာနက ကြေညာပါတယ်။ ဘာသာရေးခေါင်းဆောင် ဂူလန်ရဲ့ ဟစ်မက်လှုပ်ရှားမှုဟာ ကြီးမားကျယ်ပြန့်ပြီး ပြည်တွင်းမှာ ထောက်ခံမှု အားကောင်းတဲ့အတွက် တူရကီအစိုးရက ၂၀၁၃ ခုနှစ်ကစပြီး ဖိနှိပ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up