သုံးစွဲချိန် ကြာလာသည်နှင့်အမျှ ပိုပြီး ဉာဏ်ရည်မြင့်လာသည့် စက်ရုပ်ဖုန်း (ရုပ်သံ)

စမတ်ဖုန်းတလုံးမှာ ပါသင့်တာတွေ အားလုံးစုံပြီလို့ ကျနော်တို့တွေးထားချိန်မှာပဲ Sharp ကော်ပိုရေးရှင်းက သုံးစွဲချိန် ကြာလာတာနဲ့အမျှ ပိုပြီးဉာဏ်ရည်မြင့်လာတဲ့ စက်ရုပ်ဖုန်း RoBoHoN (ရိုဘိုဟွန်း) ကို ထုတ်လုပ်လိုက်ပါပြီ။ သုံးစွဲချိန်တိုင်းမှာ ချိတ်ဆက်တုံ့ပြန်မှုတွေကနေ သင်ယူပြီး ရလာတဲ့ အချက်အလက်တွေကို cloud စနစ်ထဲမှာ သိမ်းထားနိုင်အောင် ရိုဘိုဟွန်းကို ပရိုဂရမ် သွင်းပေးထားပါတယ်။ မျက်နှာပေါက်မှတ်သားတဲ့စနစ် ပါတာမို့ ဓာတ်ပုံရိုက်ဖို့ ပြုံးခိုင်းတာမျိုး လုပ်နိုင်သလို ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်နိုင်တဲ့အပြင် ပုံရိပ်ပရိုဂျက်တာအဖြစ်လည်း အလုပ်လုပ်နိုင်ပါတယ်။ ဒီဖုန်းက တက္ကစီတောင် ခေါ်ပေးနိုင်ပါတယ်။ Sharp ကုမ္ပဏီက ကုနိယုကိ မရုယမ ကတော့ ဒီဇိုင်နာတွေအနေနဲ့ သုံးစွဲသူတွေအဖို့ ရင်းရင်းနှီးနှီး တုံ့လှယ်ဆက်သွယ်နိုင်တဲ့ ဖုန်းတလုံးဖန်တီးဖို့ ဆန္ဒနဲ့ တီထွင်ဖြစ်တာပါလို့ ဆိုပါတယ်။ "ဒီစက်ရုပ်က အပြန်အလှန်တုံ့လှယ်နေတဲ့ နေ့စဉ်ဘ၀မှာ သုံးစွဲသူအကြောင်းကို သင်ယူသွားတဲ့အတွက် ပျော်စရာဘ၀တခုကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။" တကယ့်ဖုန်းအနေနဲ့ သုံးဖို့ကတော့ ရိုဘိုဟွန်းရဲ့ နောက်ကျောဘက်မှာ ၂ လက်မအကျယ် တပ်ခ်ျ (touch) စခရင်ပါရှိပြီး ဖုန်းခေါ်ဆိုတာတွေ၊ စာပို့တာတွေ၊ အင်တာနက်ကြည့်တာတွေ လုပ်နိုင်ပါတယ်။ ကိုယ့်အိတ်ထောင်နဲ့ မဆန့်ပေမယ့် သွားလေရာသယ်ဖို့ စီစဉ်မယ်ဆိုရင် လည်ပင်းမှာဆွဲသွားဖို့ အိတ်နဲ့ထည့်ဆွဲသွားဖို့ လိုပါတယ်။ တိုကျိုနားက ကုန်စည်ပြပွဲမှာ ရိုဘိုဟွန်းကို ၀င်ကြည့်ဖူးတဲ့ သူတွေအဖို့တော့ ဒါက ပြဿ   နာ မဟုတ်ပါဘူး။ "ဒီဖုန်းက ကိုယ့်စကားကို တုံ့ပြန်တာမျိုးတွေလို လုပ်ငန်းအများကြီး လုပ်နိုင်ပါတယ်။ အသုံးချနိုင်မယ့် နည်းလမ်းတွေလည်း အများကြီးပါ။ အရင်တုန်းက မြင်ဖူးမထားတဲ့ နည်းပညာတခုပဲလို့ ထင်ပါတယ်။" "ဒီစက်ရုပ်ဖုန်းကို တွစ်တာပေါ်မှာ စမြင်ဖူးတာ။ နောက်တော့ တကယ်ထွက်လာတယ်။ ခုတော့ ထင်ထားတာထက်ပိုသေးပြီး ချစ်စရာလည်းကောင်းတယ်။" ဒီစက်ရုပ်ဖုန်းကို ၂၀၁၆ မှာ ဂျပန်နိုင်ငံက စတိုးဆိုင်တွေမှာ တွေ့ရဖို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up