Home
ဆောင်းပါး
“ခင်ဗျား … ထပါ” တော်လှန်ကဗျာကို ပြန်လည်ခံစားခြင်း
DVB
·
November 3, 2015
ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုဒဏ် မခံနိုင်တဲ့အဆုံး အလွန်သည်းခံ ခွင့်လွှတ်တတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လမ်းမတွေပေါ်ထွက်ပြီး မတရားမှုကို လက်မခံနိုင်တော့ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ မြန်မာ့သမိုင်းမှာတင်မက ကမ္ဘာ့သမိုင်းမှာပါ ထင်ရှားကျော်ကြားခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို စစ်အာဏာရှင်တွေဟာ အသိအမှတ်မပြုရုံမက နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ မကြိုးစားဘဲ လက်နက်အားကိုးနဲ့ သွေးချောင်းစီး သတ်ဖြတ်နှိမ်နင်းပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ သမိုင်းဆိုးကို ကမ္ပည်းထိုးလို့ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးကို အနိုင်ကျင့် ဖြိုခွဲခဲ့တယ်။ အဲဒီလို တောရိုင်းဥပဒေသနဲ့ မိဘပြည်သူတွေအပေါ် သတ်ဖြတ်အနိုင်ကျင့်ရုံတင်မက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ မဟာဂန္ထဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာရတဲ့ အကြောင်းတရားအရင်းခံ သမိုင်းအမှန်တွေကို ဖုံးကွယ် ဖျောက်ဖျက်ထားခဲ့တယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုတဲ့ အမည်နာမကိုယူပြီး မမှန်ကန်တဲ့နည်းလမ်းတွေ သုံးပြီး နေ့စဉ် ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ သမိုင်းအမှားတွေ ထပ်ဖန်တလဲလဲ ထုတ်ပြန်လိမ်ညာခဲ့တယ်။ ဒါကြောင့် ပြည်သူတွေဟာ အာဏာသိမ်းအစိုးရကို ကလိန်စေ့ငြမ်းစင် ငြိမ်ပိလမ်းစဉ်လို့ သရော်ခဲ့ကြတယ်။ အများပြည်သူတွေဟာ နိစ္စဓူဝ မဟုတ်ကဟုတ်ကတွေ န၀တစစ်အစိုးရရဲ့ လုပ်ကြံသတင်းဖြန့် ဗြောင်လိမ်နေမှုတွေအပေါ် အိမ်ထဲကနေ တောက်တခေါက်ခေါက် အံတကြိတ်ကြိတ်ဖြစ်ရင်း စစ်အာဏာရှင်တွေကို ကျိန်ဆဲနေခဲ့ကြတယ်။ န၀တအမည်ခံ အာဏာသိမ်းအစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေဟာ သူတို့ အာဏာသိမ်းမှုကို ဖီဆန်တဲ့သူ မှန်သမျှကို မလှန်ရဲအောင် တနိုင်ငံလုံးက သပိတ်ခေါင်းဆောင်တွေ၊ ကျောင်းသူကျောင်းသားနဲ့ ရဟန်းသံဃာတွေ အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေကို ရက်ရက်စက်စက် ဖမ်းဆီးညှဉ်းပန်းနှိပ်စက် ထောင်ချခဲ့တယ်။ အကြောက်တရား မိုးတိမ်ထုကြီး မြန်မာတနိုင်ငံလုံး အုံ့ဆိုင်းသွားအောင် လက်နက်နဲ့ အာဏာကို အလွဲသုံးစား ပြုခဲ့ကြတယ်။ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးဆိုတဲ့ နာမည်ယူပုံကို ကြည့်လိုက်ရင်ကိုပဲ အာဏာသိမ်း စစ်အစိုးရရဲ့ ပြည်သူတွေအပေါ်ထားခဲ့တဲ့ အာဃာတ ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်သာပါတယ်။ သူတို့ ၂၆ နှစ်လုံးလုံး စိတ်တိုင်းကျ အနိုင်ကျင့် ဗိုလ်ကျခဲ့တာကို ကမ္ဘာသိ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အုံကြွတော်လှန်တာ ခံခဲ့ရမှုအပေါ် ပြည်သူတွေကို မိုက်မိုက်မဲမဲ လက်စားချေခဲ့တာပါပဲ။ စစ်တိုင်းမှူးတွေကို ပဒေသရာဇ် စစ်မင်းတွေလို လုပ်ချင်သလို လုပ်ပိုင်ခွင့်အာဏာ အပြည့်ပေးပြီး တိုင်းရင်းသား မိဘပြည်သူတွေအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်စေပြီး ငြိမ်ဝပ်ပိပြား၊ တုံးအောက်က ဖားတွေလိုဖြစ်အောင် နိုင်တဲ့အချိန်မှာ ရှုံးဖို့မချန်ဘဲ ရက်စက်ခဲ့ကြတာပါ။ သူတို့ကို ဆန့်ကျင်သူဆိုရင် ဘုရားသားတော် သံဃာတော်အရှင်သူမြတ်တွေ၊ ထေကြီးဝါကြီး ဆရာတော်ကြီးတွေ၊ တိပိဋက နှုတ်ငုံရတဲ့ ဆရာတော်ပါမချန် သင်္ကန်းဝတ်လို့ ခေါ်ဝေါ်သမုတ်ပြီး ဇွတ်အဓမ္မ သင်္ကန်းချွတ်၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက် ထောင်ချရုံမက ရာဇ၀တ်သားတွေလို ရဲဘက်အကျဉ်းစခန်းတွေဆီ ပို့ခဲ့တာ အားလုံးသိပြီးသားပါ။ ၀န်ထမ်းတွေကိုလည်း နိုင်ငံရေးနဲ့ မပတ်သက်ရဲလောက်အောင် ရှစ်လေးလုံး အရေးအခင်းကြီးမှာ ပါဝင်ခဲ့သလား စတဲ့ အချက် ၃၃ ချက်ပါတဲ့ မေးခွန်းတွေ ဖြေခိုင်းပြီး ခြိမ်းခြောက် အလုပ်ဖြုတ်၊ ထင်ရာလုပ်ခဲ့ကြတယ်။ ကျောင်းဆရာနဲ့ ဆရာမတွေကိုလည်း ကျောင်းသားတွေကို ထိန်းဖို့ ၀န်ခံကတိလက်မှတ်တွေ ဖိအားပေး ထိုးစေခဲ့တယ်။ တိုးတက်တဲ့ အမြင်ရှိတဲ့ ကျောင်းသားတွေကိုလည်း ကျောင်းတက်ခွင့်ပိတ်ပင်၊ ကျောင်းထုတ်ပစ်ပြီး ပညာရေးဘ၀တွေကို အညွန့်ချိုးခဲ့တယ်။ ပြိုပျက်ယိုယွင်းနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးပြဿနာတွေကို ပိုဆိုးဝါးအောင် ဆေးမြီးတိုနည်းလမ်းသုံးပြီး ၀န်ထမ်းတွေကို လစာတိုးပေးခြင်းနဲ့ ချွေးသိပ်ခဲ့တယ်။ ထိရောက်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဖို့ ပြည်သူ့ဘဏ္ဍာကို အသုံးပြုပြီး လူပြိန်းကြိုက် တနပ်စား ကျေးဇူးရှင် အထင်ခံရအောင် လုပ်ခဲ့တာပါ။ ပြည်သူပိုင်မြေနေရာတွေကို ဓားပြတိုက် သိမ်းပိုက်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ထောက်ခံတဲ့ နောက်လိုက်နောက်ပါတွေဟာ ဘိုးမွေဘမွေ ခွဲယူသလို သိမ်းပိုက်ခဲ့ကြတယ်။ နိုင်ငံရေးစကားနဲ့ ပြောရရင် ဆိုးဖော်မိုက်ဘက်တွေ များလာအောင် မြေကွက်တွေ ချပေး၊ တိုက်ခန်းတွေ ပေး၊ သစ်ခုတ်ခွင့်တွေ ပေး၊ ကားပါမစ်၊ တယ်လီဖုန်းတွေ ပေးပြီး အမှုတွဲ ခေါ်ခဲ့တာပါ။ အသိနိမ့်ကျပြီး ကိုယ်ကျင့်သီလ မကောင်းသူတွေဟာ မရယူထိုက်တဲ့ သူတို့ရတဲ့ အခွင့်အရေးတွေဟာ ပြည်သူပိုင်ပစ္စည်းလို့ မမြင်တတ်တော့ ပေးတဲ့သူ စစ်အာဏာရှင် ဗိုလ်ချုပ်တွေကို ကျေးဇူးရှင်ထင်မှတ်ပြီး မိဘထက်တောင် ကျေးဇူးကြီင်္းသယောင် အဘချင်း မိုးမွှန်အောင် ခေါ်ခဲ့ကြ၊ ထောက်ခံခဲ့ကြတာ ဒီနေ့အထိတိုင် မဟုတ်လား။ တကယ်တော့ န၀တ၊ နအဖ အာဏာသိမ်း အစိုးရဆိုတာ မသန့်ရှင်းတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လိမ်လည်ပြီး လက်ရှိ တိုင်းပြည်အစိုးရ တက်လုပ်နေတဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်ဘောင်းဘီချွတ် အစိုးရပါပဲ။ ဦးသိန်းစိန်ကိုယ်တိုင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှာ အဆင့်မြင့်ရာထူးနဲ့ တိုင်းပြည်ကို စိမ်ပြေနပြေ ဖျက်ဆီးခဲ့ရာမှာ ပါဝင်ခဲ့တာပါ။ အဆိုးဝါးဆုံး အချက်ကတော့ မြန်မာနိုင်ငံကို ထာဝရစစ်ကျွန်ပြုဖို့ ပြည်သူတွေရဲ့ နောက်ကျောကို ဓားတဆုံး ထိုးသွင်းထားသလို အကြံပက်စက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ သဘာပတိ တာဝန်ယူခဲ့တဲ့ သမိုင်းတရားခံလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ တိုင်းပြည်အပေါ် ဖျက်ဆီးကျူးလွန်ခဲ့တာတွေ ရေးမယ်ဆိုရင် မကုန်နိုင် မခမ်းနိုင်အောင်ပါဘဲ။ ဒီဆောင်းပါးမှာ ရေးချင်တာက အာဏာသိမ်းပြီးစ ၁၉၈၈/၈၉ ကာလတွေတုန်းက စစ်ဦးဘီလူးဆိုသလို အလွန်ပြင်းထန်တဲ့ ဖိနှိပ်မှုယန္တရား စစ်သံကွန်ညှပ်ကြီးအောက်မှာ ပြည်သူလူထုကို သွေးမအေးစေဖို့၊ အကြောက်တရားက လွန်မြောက်ပြီး နိုင်ငံရေး နိုးကြားလာစေဖို့ ပြည်သူချစ်တဲ့ ကဗျာစာဆိုတော်ကြီးတွေဟာ သူတို့ရဲ့ ကလောင်စွမ်းနဲ့ လမ်းပြ နှိုးဆော်ခဲ့ကြတဲ့ အကြောင်းပါ။ ကျနော်တို့ချစ်တဲ့ ကဗျာက၀ိ ဖန်မီးအိမ်ရှင် ဆရာတင်မိုးတို့၊ နဘေဆရာ မောင်ခိုင်မာတို့ရဲ့ တော်လှန်ကဗျာတွေဟာ ပြည်သူတွေရဲ့ နှလုံးသားကို သိမ်းကျုံးငြှို့ငင် ဆွဲထင်ရစ်စေခဲ့ပါတယ်။ “တုနှိုင်းမရတဲ့ ဒို့သမိုင်းအလှ”၊ “ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ” စတဲ့ ဂန္ထ၀င်ကဗျာတွေလိုပဲ ၁၉၈၉ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ “ခင်ဗျား … ထပါ” တော်လှန်ကဗျာဟာ ဖတ်ရသူတွေကို နိုင်ငံရေးအမြင် တော်လှန်ရေးအသိ၊ ထိထိမိမိ ပေးစွမ်းနိုင်ပါတယ်။ စာရေးသူ အမှတ်မမှားဘူးဆိုရင် ဒီကဗျာကို ဖွဲ့သီခဲ့သူဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မန္တလေးမြို့က နာမည်ကျော် လမင်းတရာ အငြိမ့်ပိုင်ရှင် ဇာတ်ဆရာ ဆရာဦးမြတ်မှိုင်းပါ။ “ခင်ဗျား … ထပါ” ကဗျာနဲ့တကွ အထက်မှာရေးပြခဲ့တဲ့ ဂန္ထ၀င်ကဗျာတွေဟာ စစ်ထောက်လှမ်းရေးတွေ ခြေချင်းလိမ်ပြီး ပိုက်စိပ်တိုက် ဖမ်းဆီးနေတဲ့ကာလ ၁၉၈၉ ခုနှစ်ထဲမှာ “အလင်းရောင်” ဆိုတဲ့ အပတ်စဉ် စာစောင်နဲ့အတူ “စစ်ဖိနပ်အောက်က ဗမာပြည် (Burma Under The Boot)” ဘာသာပြန်ဆောင်းပါး စတဲ့ ကောင်းနိုးရာရာ လှုံ့ဆော်စာကောင်းများစွာကို နိုင်ငံရေးစိတ် ပြန်လည်နိုးကြားလာစေဖို့ ရည်ရွယ်ပြီး မန္တလေးမြို့ခံ သံဃာတော် အရှင်သူမြတ်များ၊ ဈေးချိုတော် အသိုင်းအ၀ိုင်း၊ စာပေအနုပညာနယ်က ပုဂ္ဂိုလ်အချို့ အကူအညီနဲ့ ဂက်စ်တက်နာ လက်လှည့်စာကူးစက်နဲ့ လှိမ့်တဲ့အခါလှိမ့်၊ စာကူးစက်မရတဲ့အခါ မီးချောင်းတွေနဲ့ လှိမ့်လို့ ပင်ပန်းဆင်းရဲခြင်းကြီးစွာ ကော်ပီပေါင်း သောင်းချီ ကူးယူဖြန့်ချိခဲ့ကြတာပါ။ ၁၉၈၈ ခုနှစ်ကနေ ရေတွက်ရင် စစ်အာဏာသိမ်းမှုဟာ ၂၇ နှစ်ကျော် ကြာမြင့်ခဲ့ပေမယ့် စစ်အာဏာရှင် သံကွန်ညှပ်အောက်က ခုချိန်ထိ မလွတ်သေး၊ မပြောင်းလဲသေးတာမို့ မသိမီတဲ့ လူငယ်မျိုးဆက်တွေ ဖတ်ရှုနိုင်ဖို့ “ခင်ဗျား … ထပါ” ကဗျာကို ဒီဆောင်းပါးမှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့် ခံစားကြည့်ရင်း လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ စစ်ကျွန်ဘ၀က အပြီးတိုင်လွတ်မြောက်ဖို့ မြန်မာနိုင်ငံသားတိုင်း မိမိအသည်းကြားက မဲတပြားကို စစ်မှန်တဲ့ ဒီမိုကရေစီအင်အားစု၊ ပြည်သူ့ပါတီ အန်အယ်လ်ဒီ (NLD) နဲ့တကွ မဟာမိတ်ပါတီတွေကို ပုံအောမဲပေးနိုင်အောင် အားလုံး ညီညီညွတ်ညွတ် ထကြပါ … ၀ိုင်းကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ “ခင်ဗျား … ထပါ” အောက်တန်းကျတဲ့ မြန်မာ့ရုပ်သံ လုပ်ကြံသတင်း အဖျင်းအညာ သတင်းစာတွေနဲ့ ဘာလို့ရန်ဖြစ်နေမှာလဲ။ တရားတာ … မတရားတာဟာ စကားအရာတွေနဲ့ အလကားဝါနေမယ့်အစား ခင်ဗျားပါဖို့ မလိုဘူးလား။ ကွယ်ရာမှာပြော … အတင်းတဲ့ အရေးအခင်းအပမှာ လေးခင်းပြနေမယ့်အစား ခင်ဗျားပါဖို့ မသင့်ဘူးလား။ စာရွက်တွေဖတ် … ကျေနပ်နေမယ့်အစား ခင်ဗျားပါဖို့ မထိုက်ဘူးလား။ BBC VOA ရေဒီယိုကက်ဆက် ထွက်သမျှခွေ နားထောင်ကျေနပ် ယပ်ခတ်နေမယ့်အစား လက်ခုပ်တီး အံကြိတ်နေမယ့်အစား ခင်ဗျားပါဖို့ … မကောင်းဘူးလား။ ထင်ရှားနေလျက် … ခင်ဗျားနေရက်သလား ခင်ဗျားအသိ … ခင်ဗျားအဘိဓမ္မာဟာ လက်တွေ့ မွေးဖွားမလာရင် ဘာလုပ်မလဲ … အမြုံပဲပေါ့။ ဝေဖန်မနေနဲ့ … လေကန်မနေနဲ့တော့ ညည်းညူမနေနဲ့ ဂျီးထူမနေနဲ့ တောက်ခေါက်နေတာလည်း လက်မြှောက်နေတာပဲ ဆင်ခြေ မြင်းခြေ အသင်္ချေကို လေတိုက်ပွဲမှာ ထားခဲ့ပါတော့။ ဈေးဆိုင်ကန္နားကြောင့် ဘေးထိုင်နားနေသလား လစာတိုးတဲ့လာဘ်ကြောင့် ဘဝပါထိုးပြီး အပ်လိုက်တာလား။ တရားရေးပျောက်ပြီး စပါးဈေးနောက်တကောက်ကောက် လိုက်နေသလား ထမင်းတနပ် … ဟင်းတဖတ်ကြောင့် တင်းကျပ်နေကြသလား အလကား …. ခင်ဗျားလိုပဲ လူတိုင်းလည်း အလားတူ … အပူနဲ့ချည်းမှတ်ပါ။ ဒါပေမယ့် … ခင်ဗျားစဉ်းစားကြည့်ပါ သွားနေသူတွေ သွားနေကြတယ် ဝင်နေသူတွေ ဝင်နေကြတယ် လုပ်နေသူတွေ လုပ်နေကြတယ် ခင်ဗျားကသီးခြား … အခွင့်ထူးခံလား အသနားခံလား … အကယ်ဆယ်ခံလား။ ခင်ဗျားတို့ ဘဝကို … ခင်ဗျားမှအပ ဘယ်သူက ကယ်တင်နိုင်မှာလဲ မျိုးဆက်တခုလုံးအရေး ခင်ဗျားမပါသေးသမျှ … ဝေးနေဦးမှာပဲ။ ဘဝဆုံးတဲ့အဖြစ် … လူဖြစ်ရှုံးတဲ့အဖြစ် တရစ်ပြီးတရစ် နစ်ပြီးရင်းနစ်နေတဲ့ ဖက်ဆစ်စနစ်စစ် … အာဏာရှင်စနစ်အောက်မှာ နောက်ထပ်ဆုံးရှုံးစရာ ဘာကျန်သေးလို့လဲ သံနှောင်ကြိုးပဲ မဟုတ်လား စစ်သံဖနှောင့်ဘဲ မဟုတ်လား။ ဘာလဲ … လက်ရှိနဲ့လက်မဲ့ဆိုတဲ့စကား အင်အားချင်းမမျှဘူးဆိုတဲ့စကား ခင်ဗျားပြောဦးမလို့လား ဒီမှာ ခင်ဗျားပါရင် တအား ကျုပ်ပါရင်တအား … သူပါရင်တအား အားလုံး အားလုံးပါဝင်ပြီး အင်အားတွေစုစည်း … ကြီးသထက်ကြီးလာရင် မြက်ပင်တွေနဲ့ကျစ်ယူတဲ့ လွန်ဟာ ခွန်အားဘုရင် … ဆင်ဆိုတာတောင်ဆွဲပြီး ဆွဲပြီးပစ်လှဲ ပစ်နိုင်တယ် မဟုတ်လား။ ရေမှုန်ကလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ “လှိုင်း” ဟာ ကျောက်ဆောင်တံတိုင်းတွေကိုတောင် ဖြိုချပစ်နိုင်တယ် မဟုတ်လား။ ကျေးဇူးပြုပြီး … ခင်ဗျား ထပါ။ ထစမ်းပါ ….. ။ ။ ဆရာဦးမြတ်မှိုင်း (လမင်းတရာ) အဖိနှိပ်ခံ ပြည်သူလူထုကြီး စစ်ဖိနပ်အောက်က အပြီးတိုင်လွတ်မြောက်စေဖို့ ရည်စူးရည်မှန်းလို့ မိမိအသည်းကြားက မဲတပြားကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ရက်ရက်ရောရော ပေးအပ်ခြင်းဖြင့် မြန်မာပြည်သူပြည်သားတိုင်း မွန်မြတ်တဲ့ မဲကုသိုလ် ယူနိုင်လှူနိုင်ကြပါစေကုန်သော်(၀်)။ ။ မင်းကောင်းချစ် အောက်တိုဘာလ (၂၈) ရက် ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024