A d v e r t i s e m e n t With Us

ယီမင် ကုန်းမကြီးဆီသို့ ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်၊ လူ ၃ ဦး သေဆုံး (ရုပ်သံ)

ယီမင်ကုန်းမကြီးဆီကို ဆိုင်ကလုန်းမုန်တိုင်းတရပ် ရှားရှားပါးပါး ဝင်ရောက် တိုက်ခတ်ခဲ့လို့ နိုဝင်ဘာ ၂ ရက်နေ့က ယီမင်နိုင်ငံ စိုကိုထရာကျွန်းပေါ်မှာ လူ ၃ ဦး သေဆုံးပြီး လူတချို့ ဒဏ်ရာရသွားပါတယ်။ မုန်တိုင်းက အယ်လ်ကိုင်းဒါးတွေ ထိန်းချုပ်ထားတဲ့ ကုန်းမကြီးနဲ့ ဓာတ်ငွေ့စက်ရုံတွေဆီ ဦးတည်သွားနေပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးကတော့ ချာပါလာလို့ နာမည်ပေးထားတဲ့ ဒီမုန်တိုင်းဟာ အင်မတန် အန္တရာယ်ကြီးမယ့် အလားအလာရှိတယ်လို့ အစောပိုင်းက အဆင့် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၂ ရက် နှောင်းပိုင်းမှာ မုန်တိုင်းရဲ့ ပြင်းအားကို အလွန်ပြင်းထန်တဲ့ အဆင့်အဖြစ် အဆင့်လျှော့ချ သတ်မှတ်ခဲ့ပါတယ်။ လေတိုက်နှုန်းက တနာရီကို ၉၃ မိုင်ကနေ မိုင် ၁၀၀ ကြားမှာ ရှိနေတာပါ။ မုန်တိုင်းဟာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ ဘယ်လ်ဟဲ့ဖ်မြို့ကနေ ကုန်းတွင်း ဝင်ရောက်မှာဖြစ်ပြီး နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မြို့တော် စာနာဆီ မရောက်ခင် အားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ယီမင်နိုင်ငံတွင်းက ဆက်လက်ဖြစ်ပွားနေဆဲ စစ်ပွဲကြောင့်ရော မုန်တိုင်းကြောင့်ပါ ကမ်းရိုးတန်းဒေသခံ အယောက် ၁ ဒသမ ၈သန်းထဲက ၁ ဒသမ ၄သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံးက ပြောပါတယ်။ အာရေဗျကျွန်းဆွယ်အတွင်း အဆင်းရဲဆုံးနိုင်ငံ ယီမင်ဟာ ခြောက်သွေ့ပူအိုက်တဲ့ နိုင်ငံဖြစ်ပြီး မိုးရေချိန် နည်းပါးပါတယ်။ အခြေခံ အဆောက်အဦတွေကလည်း မုန်တိုင်းကြီးဒဏ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အခြေအနေ နည်းပါတယ်။ မုန်တိုင်းလမ်းကြောင်းပေါ်မှာရှိခဲ့တဲ့ မူခါလာဆိပ်ကမ်းကို အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေနဲ့ တိုင်းရင်းသား ကောင်စီတခုက စီးနင်း လည်ပတ်နေခဲ့တာ ဧပြီလတည်းကပါ။ နိုင်ငံတွင်း ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ အခြေအနေကြောင့် အာဏာပိုင်တွေ မုန်တိုင်းအပျက်အစီးကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အနေအထား မရှိမှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up