ဥက္ကာပျံဟု ယူဆရသည့် အလင်းတန်းနှင့် မီးလုံး ထိုင်းတွင် တွေ့မြင် (ရုပ်သံ)

4.7K
၂၀၁၅ နိုဝင်ဘာလ ၂ ရက် ည ၈ နာရီ မိနစ် ၄၀ အချိန်က ဥက္ကာပျံလို့ ယူဆရတဲ့ အလင်းတန်းနဲ့ မီးလုံးကြီးတခုကို ထိုင်းနိုင်ငံနေရာ အနှံ့အပြားကနေ တွေ့မြင်ခဲ့ပါတယ်။
ကောင်းကင်ပေါ်က မီးလုံးကြီး ကျမလာခင် အစိမ်းရောင်ရှိတဲ့ မီးတန်းတခု အလျားလိုက် အရင်ဆုံး ကျလာတာကို ထိုင်းတနိုင်ငံလုံးနီးပါး အထူးသဖြင့် ဘန်ကောက်ခရိုင်နဲ့ အနီးတ၀ိုက်၊ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယ၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ နခွန်းဆ၀မ်၊ အနောက်မြောက်ပိုင်း ရာ့ခ်ျပူရီ၊ ကန်ကျနပူရီ၊ ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ခ်ျဆီမား စတဲ့ ခရိုင်တွေကနေ တပြိုင်နက်တည်း တွေ့မြင်ခဲ့ကြတယ်လို့ ထိုင်းပီဘီအက်စ် တီဗွီသတင်းမှာ ဖော်ပြပါတယ်။
ကောင်းကင်ပေါ်က ရုတ်တရက်ကျလာတဲ့ အလင်းတန်းနဲ့ မီးလုံးကို နောက်ဆုံးပေါ် မော်တော်ကားတွေမှာ ပါရှိတဲ့ ကင်မရာတွေက အလိုအလျောက် ရိုက်ယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ထိုင်းနိုင်ငံ နက္ခဗေဒသိပ္ပံအသင်းက ဥက္ကာပျံလို့ ကနဦး ခန့်မှန်းပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီလောက်ကလည်း ဥက္ကာပျံတခု ကျလာပြီး မြေပြင်ပေါ်မရောက်ခင် ကောင်းကင်ပေါ်မှာ ကျယ်လောင်တဲ့အသံနဲ့ ပေါက်ကွဲသွားတာကို ထိုင်းနိုင်ငံ နေရာအနှံ့နဲ့ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဘက်ကနေ တွေ့မြင်ခဲ့ရပါတယ်။
ရုပ်သံ - The Nation