ပရီးမီးယားလိဂ်ပွဲစဉ် စပါး ၃ – ၁ ဗီလာ (ရုပ်သံဟိုက်လိုက်)

2.1K
နိုဝင်ဘာ ၂ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ လက်ကျန်ပွဲအဖြစ် စပါးနဲ့ ဗီလာတို့ပွဲမှာ စပါးက ခြေအသာနဲ့ ကစားသွားပြီး ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။
ပွဲအစ ၃ မိနစ်မှာပဲ ဘယ်တောင်ပံကနေ ဒမ်ဘီလီက ဗီလာနောက်ခံလူနဲ့ တွန်းတိုက်ပြေးပြီး စပါးအတွက် အဖွင့်ဂိုး သွင်းယူသွားပါတယ်။
နောက်ပိုင်းမှာလည်း စပါးကပဲ ခြေအသာနဲ့ ဖိကစားထားပြီး ပထမပိုင်းပြီးခါနီးမှာ စပါးရဲ့ ဆယ်ကျော်သက်ကစားသမား ဒယ်လီအလီက လျှံထွက်လာတဲ့ဘောလုံးကို ဧရိယာထိပ်ကနေ ပိတ်သွင်းသွားခဲ့ပါတယ်။
ဒီပွဲကို ဗီလာနည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ရမ်မီဂါဒီလည်း လာရောက်ကြည့်ရှု ခဲ့ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ ဂျော်ဒန်အာယူးက ဗီလာအတွက် ခြေပဂိုး ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ကျန်ပွဲချိန်တွေမှာ ဗီလာက နောက်ထပ်ခြေပဂိုးရဖို့ ဖိကစားနိုင်ပေမယ့် မိနစ် ၉၀ မှာ တန်ပြန်တိုက်စစ်ကနေတဆင့် စပါးအတွက် တတိယအနိုင်ဂိုးကို တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူသွားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် စပါးဟာ အဆင့် ၅ နေရာအထိ တက်လှမ်းလာပြီး ဗီလာကတော့ ၁၁ ပွဲ ကစား ၄ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရှိနေပါတယ်။