Home
မြန်မာသတင်း
တရားမဝင် ရွှေတူးဖော်မှု အရေးယူပေးရန် သပိတ်ကျင်းဒေသခံများ ဆန္ဒပြ
နော်နိုရင်း
·
November 2, 2015
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ရွှေထွက်တဲ့ဒေသတွေမှာ ဒေသခံတွေရဲ့ မြေယာတွေကို သိမ်းပြီး တရားမ၀င် ရွှေတူးဖော်နေတာကို အရေးယူပေးဖို့ ကျေးရွာ ၆ ရွာက ရွာသားတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီက သပိတ်ကျင်းမြို့နယ် ချမ်းသာရွှေပြည် ဘောလုံးကွင်းမှာ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ သပိတ်ကျင်းမြို့နယ် ချောင်းကြီး၊ ရေထွက်၊ ၇ မိုင်၊ ၆ မိုင်နဲ့ လိပ်ကျကျေးရွာတွေက ဒေသခံ ၁၀၀ လောက်က သူတို့မြေပေါ်မှာ လက်ဝါကြီးအုပ် ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေကို အရေးယူပေးဖို့ တောင်းဆိုတာလို့ ဒေသခံတွေကို ကူညီပေးနေတဲ့ ဦးအေးသိန်းက ပြောပါတယ်။ “သပိတ်ကျင်းမြို့နယ်ရဲ့ ရွှေထွက်တဲ့ ဒေသတွေမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေထဲမှာ သူတို့ ရွှေကုမ္ပဏီတွေနဲ့ ဒေသခံ အာဏာပိုင်တွေ ပေါင်းပြီးတော့မှ မြေသိမ်းတဲ့ကိစ္စတွေရှိတယ်။ ဒေသခံတွေရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲနဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို့ပဲ ဒေသခံ အာဏာပိုင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်ရဲမှူးတို့က အကာအကွယ် ပေးပြီးတော့မှ လုပ်နေတဲ့သူတွေကို အရေးယူပေးဖို့ ဒေသခံပြည်သူ ရွာပေါင်း ၆ ရွာက ဆန္ဒပြကြတာဗျာ။” သပိတ်ကျင်းမြို့နယ်က ရွှေထွက်တဲ့ ဒေသတွေမှာ မြန်မာစည်သူ ရွှေတူးဖော်ရေးကုမ္ပဏီ၊ ဝေလင်းထိုက် ရွှေတူးဖော်ရေးကုမ္ပဏီ၊ လက်ပံပြန့်ကျေးရွာ ဒေသဖွံ့ဖြိုးရေးကုမ္ပဏီ အစရှိတဲ့ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေ ရွှေတူးဖော်နေကြတာပါ။ ရွှေတူးဖော်ရေးကုမ္ပဏီတွေ ဝင်ရောက်တူးဖော်နေတာကို အရေးယူပေးဖို့နဲ့  ထွက်ခွာပေးဖို့ ဒေသခံတွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ရေထွက်ကျေးရွာမှာ မြန်မာစည်သူကုမ္ပဏီနဲ့ ဒေသခံတွေ ပြဿ   နာဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့ပါတယ်။ မြန်မာစည်သူ ရွှေတူးဖော်ရေးကုမ္ပဏီပိုင် ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း ရွာသားတွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024