A d v e r t i s e m e n t With Us

အဖွားအိုဟန်ဆောင်ကာ လွတ်မြောက်ရန် ကြိုးပမ်းသည့် မူးယစ်ဆေး မှောင်ခိုသမား

မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုကြောင့် ထောင်ဒဏ် ၃၆ နှစ် ကျခံနေရတဲ့ ဘရာဇီးနိုင်ငံသားတဦးဟာ အထူးပြုလုပ်ထားတဲ့ မျက်နှာဖုံးစွပ်၊ ဆံပင်တုနဲ့ အ၀တ်အစားတွေ ၀တ်ဆင်ပြီး အဖွားအိုတဦး အယောင်ဆောင်ကာ လွတ်မြောက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် ကလိုဒိုအယ်လ်ဒို အန်တိုနီယို ဖလိ (Clodoaldo Antonio Felipe) အမည်ရ အမျိုးသားဟာ ဘရာဇီးနိုင်ငံအလယ်ပိုင်း၊ ကိုလိုနယ်အော်ဒီနီးဂီးမရေးစ် အကျဉ်းထောင်မှာ ကွန်မန်ဒိုဗာ မယ်လဟို အမည်ရ မူးယစ်ဆေးဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်တဲ့အမှုနဲ့ ၂၀၀၉ ခုနှစ်တည်းက ထောင်ကျခံခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးမေးလ်သတင်းမှာ အောက်တိုဘာ ၂၈ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ အသက်ကြီးကြီး အဖွားကြီးပုံ ဟန်ဆောင်ကာ ထောင်တွင်းကနေ ထွက်သွားနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် အစောင့်ရဲအရာရှိတွေက ပင်စင်စား အဖွားအိုဟာ သာမန်ထက် အရပ်ပိုရှည်နေတာရယ်၊ သူ့အနေနဲ့ အသိအမှတ်ပြုကတ်ပြား တစုံတရာ မပါဘဲနဲ့ ထောင်တွင်းကို ဘယ်လိုရောက်ရှိနေတယ် ဆိုတာရယ်ကို သံသယရှိခဲ့တဲ့အတွက် စစ်မေးခဲ့တာပါ။ အဲဒီနောက် တာဝန်ကျ အမျိုးသမီး ရဲအရာရှိတွေက ဖလိကို ပြန်လည်ရှာဖွေခဲ့ကြပြီး ဖြစ်ရပ်မှန်ကို သတိပြုမိခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူအသုံးပြုခဲ့တဲ့ ကုန်ကျစရိတ် စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၈၀၀ ထက်မနည်း ရှိနိုင်ပြီး မျက်နှာဖုံးဟာ ဟောလိဝုဒ်ရုပ်ရှင်တွေမှာ အသုံးပြုတဲ့ အဆင့်မြင့် မျက်နှာဖုံးတခု ဖြစ်တဲ့အတွက် ဒီအ၀တ်အစား၊ ဆံပင်တုနဲ့ မျက်နှာဖုံးတွေကို သူ့အနေနဲ့ ဘယ်လိုရရှိခဲ့တယ်ဆိုတာ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - dailymail.co.uk  

A d v e r t i s e m e n t With Us

More News
Up