တူရကီ ရွေးကောက်ပွဲ အေကေပါတီ အပြတ်အသတ် အနိုင်ရ

1.3K
နိုဝင်ဘာ ၁ ရက်နေ့က ကျင်းပတဲ့ တူရကီ ရွေးကောက်ပွဲမှာ အေကေပါတီ (AK Party) က မမျှော်လင့်ဘဲ အပြတ်အသတ် အနိုင်ရသွားတာကြောင့် တူရကီဟာ တပါတီကြီးစိုးတဲ့ စနစ်လမ်းကြောင်းပေါ်မှာပဲ ဆက်ရှိနေပါတယ်။
ရွေးကောက်ပွဲရလဒ်ကြောင့် သမ္မတ တာရစ် အာဒိုဂန်အတွက် အာဏာပိုရှိလာတာ မှန်ပေမယ့် လူ့အဖွဲ့အစည်းထဲမှာတော့ စိတ်ဝမ်းကွဲမှုတွေ ပိုပြီး မြင့်တက်ဖွယ်ရှိတယ်လို့ နိုင်ငံတကာ မီဒီယာတွေက သုံးသပ်ရေးသားကြပါတယ်။
မဲအားလုံးနီးပါးကို ရေတွက်ပြီးချိန်မှာ အေကေပါတီက ၅၀ ရာခိုင်နှုန်းနီးပါး အနိုင်ရတဲ့အတွက် အမတ်နေရာ ၅၅၀ ရှိတဲ့ လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့အတွက် သေချာသွားပါတယ်။
ဒီလောက်အနိုင်ရမယ်လို့ အေကေပါတီ ခေါင်းဆောင်တွေ ကိုယ်တိုင်က မျှော်လင့်မထားခဲ့တာပါ။
ရလဒ်ကို သိရအပြီးမှာ လက်ရှိဝန်ကြီးချုပ်နဲ့ ပါတီခေါင်းဆောင် အာမက် ဒါဗူတိုဂလူး (Ahmet Davutoglu) က ပါတီ ထောက်ခံသူတွေကို မိန့်ခွန်းပြောပါတယ်။ ဒါဟာ နိုင်ငံအတွက် အောင်ပွဲဖြစ်တယ်လို့ သူက ကြွေးကြော်ပါတယ်။
နောက်ထပ် ၄ နှစ်အတွင်းမှာ ပြည်သူ့ကောင်းကျိုးအတွက် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုလိုက်ပါတယ်။
မဲအားလုံးရဲ့ ၉၉ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ အေကေပါတီက မဲအရေအတွက် ၄၉ ဒသမ ၄ ရာခိုင်နှုန်းရပြီး အမတ်နေရာ ၃၁၆ နေရာ ရရှိပါတယ်။
အတိုက်အခံတွေဘက်က မဲ ၂၅ ဒသမ ၄ ရာခိုင်နှုန်း ရရှိပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေနဲ့ တူရကီရဲ့ အနောက်မဟာမိတ်တွေက ရွေးကောက်ပွဲက တည်ငြိမ်မှုကို အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ်။
လောလောဆယ် တူရကီအစိုးရဟာ ကာ့ဒ်လက်နက်ကိုင်တွေနဲ့ ရင်ဆိုင်နေရသလို ဆီရီးယား ပြည်တွင်းစစ်ကြောင့်လည်း လုံခြုံရေး ပြဿ နာတွေနဲ့ ရင်ဆိုင်နေရပါတယ်။