ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး စုဝေးဟောပြောမှုတွေကို လာမယ့် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအချိန် ရပ်နားရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထပ်မံ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ အောင်မြင်စေဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒမဲပေးရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို အေးချမ်းစွာ စဉ်းစားဆုံးဖြတ်နိုင်ဖို့ ၆.၁၁.၂၀၁၅ ရက်နေ့ ည ၁၂:၀၀ နာရီအချိန်မှ ၈.၁၁.၂၀၁၅ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားရမယ်လို့ ကော်မရှင်က နိုဝင်ဘာ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
မဲဆွယ်စည်းရုံး ကြော်ငြာ၊ ပိုစတာတွေကိုလည်း နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ နောက်ဆုံးထား ဖြုတ်သိမ်းပေးဖို့နဲ့ ဖြုတ်သိမ်းထားခြင်းမရှိရင် မြို့နယ်စည်ပင်သာယာရေးနဲ့ ညှိနှိုင်းပြီး ဖြုတ်သိမ်းသွားမှာဖြစ်လို့ ကုန်ကျစရိတ် ကျသင့်ငွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပေးရန် တာဝန်ရှိမယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာ ၈ ရက်နေ့ မနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။