A d v e r t i s e m e n t With Us

စာရေးဆရာ ကိုလေး-အင်းဝ၊ မောင်ပေါ်ထွန်းနှင့် မြဇင်တို့ အမျိုးသားစာပေတစ်သက်တာဆုရရှိ

ကိုလေး-အင်းဝဂုဏ်ရည်
ဝါရင့်စာရေးဆရာကြီးတွေဖြစ်ကြတဲ့ ကိုလေး-အင်းဝဂုဏ်ရည် (ဦးကိုလေး)၊  မြဇင် (ဦးဝင်းဖေ)၊ နဲ့ မောင်ပေါ်ထွန်း (ဦးခင်မောင်စိုး) တို့ ၃ ဦးကို ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာ ဆုရှင်များအဖြစ် အစိုးရက ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ  မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသားပြုစုခဲ့တဲ့ ဆောင်ရွက်ချက်တွေကို  နိုင်ငံတော်က အသိအမှတ်ပြုတဲ့ အနေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ရွေးချယ်တာလို့   သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စာရေးဆရာ ကဗျာဆရာကြီး ကိုလေး-အင်းဝဂုဏ်ရည် ကတော့ တစ်သက်တာစာပေဆုကို ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာကြီး ဒဂုန်တာရာနဲ့ လူထု ဒေါ်အမာတို့ ရသွားစေချင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်မလိုချင်ဘူးဗျ၊ ဒီဆုကို။ မလိုချင်ဘူးဆိုတာ ဒေါ်ဒေါ် (လူထုဒေါ်အမာ) တို့၊ ဦးလေး (ဒဂုန်တာရာ) တို့ ရရမယ့်ဟာတွေဗျာ၊ ကျနော်ရတယ်ဆိုတာ သူတို့အပေါ် ကျော်ပြီး ကျနော်ဂုဏ်လည်း မယူချင်ဘူး။ ရိုးရိုးလေးပြောရင် အားနာတယ်ဗျ၊ ဒေါ်ဒေါ်တို့ ဦးလေးတို့ကို အားနာတယ်။ ဦးလေးတို့ ဒေါ်ဒေါ်တို့ မျက်နှာတွေ ကျနော် ဘယ်လိုကြည့်ရမှန်းတောင်မသိဘူး ကျနော်ရစေချင်တာ။ ဒီဆုဟာ သူတို့အတွက် ဆုဖြစ်တယ်။ ကျနော့်အတွက် မဟုတ်ဘူးလို့ ကျနော်ခံယူတယ်။ ဒါကြောင့်မို့လို့ သိပ်ဝမ်းမသာဘူး၊ သူတို့ရစေချင်တာ။” အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့  ကိုလေး-အင်းဝဂုဏ်ရည်ဟာ  လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက် ၁၉၆၅ ခုနှစ်ကလည်း  “လမ်းသစ်ကဗျာများ” ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့ဖူးပါတယ်။ အမျိုးသားစာပေတစ်သက်တာဆုချီးမြှင့်ဖို့ ဆရာကြီး ၃ ဦးစီ အမည်စာရင်းကို အဆိုပြုတင်သွင်းစေပြီး အဆိုပြု တင်သွင်းခြင်းခံရတဲ့ စာရေးဆရာတွေကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင် ၇၂ ဦးက ပညာရှင်များအားလုံးရှေ့မှောက်မှာ  ပွင့်လင်းမြင်သာစွာ ဆန္ဒမဲပေးရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ဆုရရှိတဲ့ စာရေးဆရာကြီးတွေကို ငွေကျပ် ၂၅ သိန်း ချီးမြှင့်သွားမှာ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံမှာ  အခမ်းအနားနဲ့  ချီးမြှင့်သွားဖို့ ရှိနေတာပါ။ မြန်မာနိုင်ငံမှာ အမျိုးသားစာပေတစ်သက်တာဆုကို ၂ဝဝ၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ဆုရရှိပြီး စာရေးဆရာ ၁၇ ဦးကတော့  ပါရဂူ၊ မောင်ထင်၊ ဌေးမောင်၊ လေးမြိုင်၊ စောမုံညင်း၊ မကြန်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ဒေါက်တာကျော်စိန်၊ ဒေါက်တာခင်မောင်ညွန့်၊ ဒေါက်တာသော်ကောင်း၊ မင်းယုဝေ၊ ခင်ဆွေဦး၊ အောင်သင်း၊ သိပ္ပံမှူးတင်၊ မောင်ခင်မင်-ဓနုဖြူ)၊ လယ်တွင်းသားစောချစ်နဲ့ တက္ကသိုလ် မြတ်စိုးတို့ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up