ဘောလုံးကျွမ်းကျင်သူများ၏ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်

တပွဲရှုံးရင် အသင်းကနေ စွန့်ခွာသွားရမယ့် အခြေအနေကို ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ဟိုနဲ့ နည်းပြသစ်လက်ထက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးတဲ့ လီဗာပူးတို့ရဲ့ပွဲဟာ အင်္ဂလန် ပရီးမီးယားလိဂ် ၁၁ ပွဲမြောက် ပွဲစဉ်မှာ စိတ်ဝင်စားမှု အကောင်းဆုံးပွဲဖြစ်လာနိုင်ပါတယ်။ အောက်တိုဘာ ၃၁ ရက်ညမှာတော့ ၁၁ ပွဲမြောက်အဖြစ် ၇ ပွဲကစားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁ ရက်မှာတော့ ၂ ပွဲနဲ့ နိုဝင်ဘာ ၂ ရက်မှာတော့ ၁ ပွဲကစားကြမှာ ဖြစ်ပါတယ်။ အရင်တပတ်ပွဲစဉ်တွေ အပြီးမှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား နံပါတ် ၁ နေရာ အပြောင်းအလဲမရှိခဲ့ပါဘူး။ နံပါတ် ၁ နဲ့ ၂ နေရာက ရမှတ်တူသလို ၃ နဲ့ ၄ ကလည်း ရမှတ်တူနေပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်နေတဲ့ ဆန်းဒါးလန်းကလည်း အရင်တပတ်က နိုင်ပွဲပြန်ရရှိခဲ့ပါတယ်။ ဒီတပတ်မှာရော ဘာတွေအပြောင်းအလဲရှိလာနိုင်သလဲ။ ဘယ်အသင်းတွေက အနိုင်ရပြီး ဘယ်အသင်းတွေက ရှုံးသွားမလဲဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဘောလုံးကလောင်ရှင်တွေရဲ့ ခန့်မှန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ချဲလ်ဆီး- လီဗာပူး ဒီတပတ်အတွက် စိတ်ဝင်စားမှု အကောင်းဆုံး ပွဲတပွဲလို့ ပြောလို့ရပါတယ်။ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုအတွက် ဒီပွဲက အရေးကြီးသလို လီဗာပူး နည်းပြသစ်ကလော့အတွက်လည်း ဒီပွဲက အရှုံးခံလို့ မဖြစ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ကစားပြီးတဲ့ ပွဲစဉ်အခြေအနေကို ကြည့်ရင်တော့ ၁၀ ပွဲမှာ ချဲလ်ဆီးရော လီဗာပူးပါ ၃ ပွဲစီ နိုင်ထားပါတယ်။ လီဗာပူးက ၅ ပွဲသရေနဲ့ ၂ ပွဲရှုံးထားပါတယ်။ ချဲလ်ဆီးကတော့ ၂ ပွဲသရေနဲ့ ၅ ပွဲရှုံးထားပါတယ်။ အမှတ်ပေးဇယားမှာ လီဗာပူးက နံပါတ် ၉၊ ချဲလ်ဆီးက ၁၅ ရပ်တည်နေပါတယ်။ ဂိုးသွင်းအားကတော့ လီဗာပူးက တပွဲကို ပျှမ်းမျှ ၀.၉ ဂိုးသွင်းပေမယ့် ချဲလ်ဆီးကတော့ ၁.၅ သွင်းထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ ၂ သင်း သရေကျထားပါတယ်။ သမိုင်းကိုကြည့်မယ်ဆိုရင်တော့ ပြိုင်ပွဲပေါင်းစုံ လီဗာပူးနဲ့ ချဲလ်ဆီးတို့ ၈ ပွဲတိတိ ကစားခဲ့ရာမှာ လီဗာပူးက တပွဲမှ မနိုင်ဘဲ ၄ ပွဲရှုံး ၄ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတန်းဖိုဒ့်ဘရစ်ခ်ျမှာ လီဗာပူးလ်က ၃ ပွဲဆက်နိုင်ခဲ့ဖူးပြီး ဒီနောက်မှာ တခါမှ မနိုင်ခဲ့ပါဘူး။ ချဲလ်ဆီးအသင်းမှာ ဒီယေဂို ကော်စတာ ပါဝင်လာဖို့ ရှိသလို ပက်ဒရိုကလည်း လေ့ကျင့်ရေး ပြန်ဆင်းလာနိုင်ပြီ ဖြစ်ပါတယ်။ မာတစ်က ပွဲပယ်တပွဲကနေ လွတ်မြောက်လာပေမယ့် အိုင်ဗန်နိုဗစ်နဲ့ ဂိုးသမား ကော့ထွာကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးက တိုက်စစ်မှူး ဘန်တပ်ကီ ပါလာပေမယ့် စတားရစ်ခ်ျကတော့ ဒဏ်ရာကြောင့် ပါလာနိုင်မှာ မဟုတ်သလို ကိုလိုတိုးရေးလည်း ဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်ပါဘူး။ မေလာကလည်း တပွဲပယ်ပြစ်ဒဏ်ကနေ ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးနည်းပြကတော့ အရင်နှစ်ကထက်စာရင် ဒီနှစ် ချဲလ်ဆီးနဲ့ ကစားရတာ ပိုလွယ်မယ်လို့ ပြောဆိုထားပါတယ်။ ဘီဘီစီအားကစားကလောင်ရှင် လော်ရင်ဆန် (လော်ရို)ကတော့ မော်ရင်ဟိုအတွက် ခုခံရမယ့်ပွဲဖြစ်သလို ကလော့က အသင်းကို တည်ဆောက်စဖြစ်တဲ့ အတွက် ဒီပွဲဟာ ခက်ခဲတဲ့ ပွဲတပွဲဖြစ်တယ်လို့ ဆိုပါတယ်။ သူကတော့ သရေကျမယ်လို့ မှန်းပါတယ်။ စကိုင်းစပေါ့က ပေါလ်မာဆန်ကတော့ လီဗာပူးကစားကွက် သိပ်မကောင်းသေးတဲ့ အတွက် အိမ်ရှင် ချဲလ်ဆီးကို အနိုင်ပေးထားပါတယ်။ အင်္ဂလန် ရက်ဘီကစားသမား ဆမ်တွန်ကင်ကတော့ လီဗာပူးကို အနိုင်ပေးထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်-မန်ယူ ၅ ပွဲနိုင် ၅ ပွဲရှုံး နံ့ပါတ် ၇ နေရာက ပဲလေ့စ်နဲ့ ၆ ပွဲနိုင် ၂ ပွဲရှုံး နံပါတ် ၄ မန်ယူတို့ ကစားကြမှာ ဖြစ်ပါတယ်။ ဂိုးသွင်းအားကတော့ ပျှမ်းမျှ တပွဲကို ၁.၅ သွင်းတဲ့ မန်ယူက တပွဲကို ၁.၂ သွင်းတဲ့ ပဲလေ့စ်ထက်  အသာစီးရနေပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထားပါတယ်။ မန်ယူနဲ့ ကစားခဲ့တဲ့ ၁၄ ပွဲမှာ ပဲလေ့စ်က ၁၂ ပွဲရှုံးထားပြီး တပွဲမှာ အနိုင်မရခဲ့ပါဘူး။ ၂၀၁၁ ခုနှစ် လိဂ်ဖလားမှာ မန်ယူကို ပဲလေ့စ်က အနိုင်ယူခဲ့ဖူးပါတယ်။ ပဲလေ့စ်က ၄ ဂိုးသွင်းထားတဲ့ တိုက်စစ်မှူး ကာဘီယေဒီပွဲမှာ ပါဝင်ဖို့ မသေချာသေးပါဘူး။ မန်ယူကတော့ ဒီပေးနဲ့ ၀ီလ်ဆင်တို့ကလည်း ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါအပြင် ဗလန်စီယာနဲ့ မက်နားတို့ကလည်း ဒဏ်ရာ ပြဿနာ တွေနဲ့ရင်ဆိုင်နေရပါတယ်။ လော်ရိုရော မာဆန်ပါ  ဒီပွဲကို သရေကျမယ်လို့ မှန်းထားပါတယ်။ မန်စီးတီး-နော့ဝှစ်ခ်ျ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ နံပါတ် ၁၆ နောဝှစ်ခ်ျတို့ ကစားကြမှာ ဖြစ်ပါတယ်။ နောဝှစ်ခ်ျက နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲလုံးကို ရှုံးထားသလို မန်စီးတီးကွင်းမှာ ကစားရမှာ ဖြစ်တဲ့ အတွက် မန်စီးတီးကို လော်ရိုရော မာဆန်ပါ ဂိုးပြတ်နဲ့ နိုင်မယ်လို့ ရွေးထားပါတယ်။ နယူးကာဆယ်-စတုတ် နောက်ဆုံးတွေ့ဆုံစဉ်ကတော့ ဒီ ၂ သင်းက ၁ ဂိုးစီ သရေကျထားပါတယ်။ အရင်တပတ်က ဆန်းဒါးလန်းကို ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နယူးကာဆယ်ကစားပုံက ကောင်းခဲ့သလို ဒီအရှိန်ကို စတုတ်နဲ့ ပွဲမှာ ဆက်ထိန်းနိုင်မယ်လို့ ဘောလုံးပွဲ သုံးသပ်သူတွေက ယူဆနေပါတယ်။ နယူးကာဆယ်နိုင်မယ်လို့ လော်ရိုရော မာဆန်ပါ ခန့်မှန်းပါတယ်။ ဆွမ်ဆီး-အာဆင်နယ် နံပါတ် ၂ က အာဆင်နယ်နဲ့ ၁၂ က ဆွမ်ဆီးတို့ ကစားကြမှာ ဖြစ်ပါတယ်။ အသင်းကြီးတွေရဲ့ အသည်းကို ဆွမ်ဆီးက ခွဲလေ့ရှိပါတယ်။ ချဲလ်ဆီးကို သရေနဲ့ မန်ယူကို အနိုင်ကစားတဲ့ ပွဲတွေကြည့်ရင် ဒီအချက်ကို သိနိုင်ပါတယ်။ ဆွမ်ဆီးမှာ ဒဏ်ရာပြဿနာ မရှိပေမယ့် အာဆင်နယ်မှာ ၀ဲလ်ကော့နဲ့ ချိန်ဘာလိန်တို့ကတော့ ဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်ပါဘူး။ ပရီးမီိးယားလိဂ်မှာ သူတို့ ၂ သင်း နောက်ဆုံး ၃ ပွဲတွေ့ဆုံခဲ့ရာမှာ  ဆွမ်ဆီးက အာဆင်နယ်ကို မရှုံးဖူးပါဘူး။ နောက်ဆုံး ကစားစဉ်ကတော့ ဆွမ်ဆီးက အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ လော်ရိုက ဒီပွဲကို သရေလို့ ဆိုပေမယ့် မာဆန်ကတော့ အာဆင်နယ်နိုင်မယ်လို့ ဆိုပါတယ်။ ၀က်ဖို့ဒ်-၀က်စ်ဟမ်း အဆင့် ၁၀ နီးပါးကွာနေတဲ့ အသင်း ၂ သင်းရဲ့ ပွဲစဉ်ဖြစ်ပါတယ်။ နံပါတ် ၃ ၀က်စ်ဟမ်းနဲ့ နံပါတ် ၁၃ ၀က်ဖို့ဒ်တို့ ကစားမှာ ဖြစ်ပါတယ်။ ၀က်စ်ဟမ်းက ၁၀ ပွဲကစား ၆ ပွဲနိုင်ထားပါတယ်။ ဒီအထဲမှာ မန်စီးတီး၊ ချဲလ်ဆီးတို့လို အသင်းတွေကို အနိုင်ကစားထားတာပါ။ ဒီ၂ သင်း ၂၂ ကြိမ် ဆုံရာမှာ ၀က်ဖို့ဒ်က တပွဲသာ နိုင်ဖူးပြီး သရေ ၄ ပွဲကျထားပါတယ်။ ၀က်စ်ဟမ်းက အဝေးကွင်း ရလဒ်က ပိုကောင်းနေပါတယ်။  လော်ရိုကတော့ ၀က်ဖို့ဒ်ကို အနိုင်ပေးထားပါတယ်။ မာဆန်က ၀က်စ်ဟမ်းကို အနိုင်ပေးထားပါတယ်။ ၀က်စ်ဘရွန်း- လက်စတာ နောက်ဆုံးကစားစဉ် လက်စတာက ၀က်စ်ဘရွန်းကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ထားပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား နံပါတ် ၁၀ ၀က်စ်ဘရောင်းနဲ့ နံပါတ် ၅ ကလက်စတာတို့ ကစားကြမှာ ဖြစ်ပါတယ်။ လက်စတာက တပွဲကို ပျှမ်းမျှ ၂ ဂိုးနှုန်းသွင်းနေသလို တိုက်စစ်မှူး ဗာဒီက ၁၀ ဂိုးသွင်းပြီး ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသွင်းတဲ့ စာရင်းမှာ ပါဝင်နေပါတယ်။ ၀က်စ်ဘရွန်းကတော့ ဒဏ်ရာ ပြဿ  နာတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဇယားနံပါတ်အထက်ကို တဖြည်းဖြည်းတက်လာတဲ့ ၀က်စ်ဘရွန်းကို လော်ရိုက ရွေးထားသလို မာဆန်က သရေကျမယ်လို့ မှန်းပါတယ်။ အဲဗာတန်-ဆန်းဒါးလန်း နိုဝင်ဘာ ၁ ရက်မှာ ကစားမယ့်ပွဲစဉ်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အရင်တပတ်က နိုင်ပွဲရှာတွေခဲ့တဲ့ ဆန်းဒါးလန်းက အဲဗာတန်ကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းနည်းပြကတော့ အဲဗာတန်က ဒဏ်ရာပြဿ  နာတွေရှိနေသလို ကက်ပီတာဝမ်းပြိုင်ပွဲကို ကစားထားတဲ့ အတွက် သူတို့ အသင်းအသာရနိုင်တယ်လို့ ပြောပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ် ဆန်းဒါးလန်းက ၂ ဂိုးဂိုးမရှိနဲ့ နိုင်ခဲ့ပေမယ့် လော်ရိုရော မာဆန်ပါ အဲဗာတန်ကို အနိုင်ပေးထားပါတယ်။ ဆောက်သမ်တန်-ဘုန်းမောက် နောက်ဆုံးကစားတဲ့ ၅ ပွဲလုံး နိုင်ပွဲမရေသေးတဲ့ ဘုန်းမောက်နဲ့ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေကျထားတဲ့ ဆောက်သမ်တန်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ဘုန်းမောက်က အဆင့် ၁၇ မှာ ရပ်တည်နေပြီး ဆောက်သမ်တန်က အဆင့် ၈ မှာ ရပ်တည်နေပါတယ်။ ဘုန်းမောက်ကို အိမ်ကွင်းမှာ ဆောက်သမ်တန်တို့ တခါမှ မရှုံးဘူးပါဘူး။ ၇ ပွဲနိုင် ၄ ပွဲသရေကျထားပါတယ်။ ဇယားထိပ်ကို တဖြည်းဖြည်းနဲ့ တက်လာတဲ့ ဆောက်သမ်တန်ကို ဘုန်းမောက် အနိုင်ရဖို့ ဖြစ်နိုင်ချေနည်းတယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းပါတယ်။ ဆောက်သမ်တန်ကို လော်ရိုရော မာဆန်ပါ ရွေးထားပါတယ်။ တော့တင်ဟမ်ဟော့စပါး- အက်စ်တွန်ဗီလာ နိုဝင်ဘာ ၂ ရက်နေ့ အမှတ်ပေးဇယား အောက်ဆုံးက ဗီလာနဲ့ နံပါတ် ၆ နေရာက စပါးတို့ ကစားမယ့် ပွဲစဉ်ဖြစ်ပါတယ်။ ဗီလာက ဒီနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေရပြီး နိုင်ပွဲ ၁ ပွဲသာ ရရှိထားပါတယ်။ နောက်ဆုံး ၅ ပွဲလုံး အရှုံးနဲ့ရင်ဆိုင်ထားရပါတယ်။ ဂိုးသွင်းအားမှာတော့ စပါးက သာလွန်နေပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ စပါးတို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးထားပါတယ်။ ကစားအားတက်လာတဲ့ စပါးနိုင်မယ်လို့ လော်ရိုရော မာဆန်ပါ မှန်းပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up