A d v e r t i s e m e n t With Us

လျှပ်စစ်မီးမရှိသည့် မဲရုံများ မဲရေတွက်နိုင်ရန် ဆိုလာမီးအိမ်များ ဂျပန်လှူဒါန်း

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ ညလုံးပေါက် မဲရေတွက်ရာမှာ အထောက်အကူဖြစ်စေဖို့   နိုင်ငံ တ၀ှမ်းလုံးရှိ လျှပ်စစ်မီး အချိန်ပြည့်မရတဲ့ မဲရုံတွေအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးအိမ်ပေါင်း ၅ သောင်းကျော်ကို  ဂျပန်နိုင်ငံက လှူဒါန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံ အစိုးရက လှူဒါန်းတဲ့ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်တွေကို   အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ    မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးထံ အခမ်းအနားနဲ့ တရားဝင်လွှဲပြောင်း ပေးအပ်ခဲ့တာလို့ အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။ နေရောင်ခြည်သုံး မီးအိမ်ပေါင်း ၅၁,၂၉၈ လုံးကို ရန်ကုန်နဲ့ မန္တလေးမြို့တွေက တဆင့် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေကို ခွဲဝေပေးပို့ပြီး ဖြစ်ကြောင်း၊ ဆိုလာမီးအိမ်တွေဟာ  ၁၂ နာရီကြာ အသုံးပြုနိုင်ပြီး နေရောင်ခြည် စွမ်းအင်သာမက ဓာတ်ခဲ၊ ဘက်ထရီတို့နဲ့လည်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကို ဂျပန်နိုင်ငံနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး UNDP ဌာနေ ညွှန်ကြားရေးမှူးကတော့ လျှပ်စစ်မီးမရရှိတဲ့ ဒေသတွေမှာ မဲရေတွက်နိုင်ဖို့ ခုလို ဆိုလာမီးအိမ်တွေ ဖြန့်ဝေထုတ်ပေးနိုင်တာဟာ မီးမရှိတဲ့ ဒေသတွေက ကိုယ်စားလှယ် လောင်းတွေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို မြင့်မားစေမယ်လို့ သတင်းမှာပြောပါတယ်။ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲတွေပေးအပြီး  အနှိုင်အရှုံး ရလဒ်သိရဖို့  မဲလက်မှတ်တွေ ရေတွက်နေချိန် လျှပ်စစ်မီးပျက်မှာကို နယ်တွေမှာမက မြို့ပေါ်က မဲဆန္ဒရှင် တွေအကြားမှာပါ စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up