နေပြည်တော်ရာသီဥတုက ပူပေမယ့် လေအေးတိုက်နေတာကြောင့် နေသာထိုင်သာရှိပြီး ရန်ကုန်ထက်စာရင် နားအေးပါးအေး ရှိတယ်၊ မနက်ပိုင်း လမ်းလျှောက်ရတာလည်း ကောင်းတယ်။ လမ်းအကျယ်ကြီးတွေပေါ်မှာ ဖြတ်သန်းမောင်းနှင်နေတဲ့ ကားနဲ့ ဆိုင်ကယ်အရေအတွက်က နည်းလှပြီး ရန်ကုန်နဲ့ ပြောင်းပြန်ဖြစ်နေတယ်။ အစိုးရသတင်းစာတွေထဲမှာတော့ ရန်ကုန်မှာ မြို့ထဲကနေ မြို့ပြင်အထိ အထပ်မြင့်လမ်းဖောက်ဖို့ ရှိတယ်လို့ ရွေးကောက်ပွဲအမီ ဖော်ပြလာတာ ဖတ်ရတယ်။ နေပြည်တော်တခွင်နဲ့ ပျဉ်းမနားဘက်ရောက်ပြီး ဒေသခံတွေနဲ့ ရွေးကောက်ပွဲအကြောင်း စကားစမြည် ပြောဆိုကြည့်တော့ အကြောက်တရား ရှိနေကြတုန်း ဖြစ်ပေမယ့် ဘယ်အဖွဲ့အစည်းကို မဲပေးရမယ်ဆိုတာကိုတော့ အတော်များများ သိနေကြတာ တွေ့ရတယ်။ တချို့လည်း အသိတရားရော ငွေကြေးပါ မပြည့်စုံတော့ လာဘ်ပေးပြီး ခိုင်းတာ လုပ်နေကြ၊ ဘီယာအ၀တိုက်ပြီး ခိုင်းတာလုပ်နေကြတာလည်း စိတ်မချမ်းသာစရာ တွေ့ရတယ်။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ထဲ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တခုက ဒီအချက်ကို မီးမောင်းထိုး ဖော်ပြနေတယ်။
အဲဒီနေ့က ဒက္ခိဏသီရိမြို့နယ်၊ အန်အယ်လ်ဒီအောင်နိုင်ရေးအဖွဲ့က ဆက်သွယ်ပြောဆိုလာလို့ အရင် ပျဉ်းမနားမြို့ဟောင်း ရွာမအုပ်စုဘက် ရောက်တယ်၊ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးက ရွာမအုပ်စုထဲရှိတဲ့ ကျေးရွာတချို့ကို ၀င်ပြီး သူတို့ပါတီကို မဲထည့်ရင် မီတာပုံး တပ်ပေးမယ်လို့ မဲဆွယ်တဲ့ကိစ္စ မေးမြန်းစုံစမ်းရင်း ရောက်တာဖြစ်တယ်။ အဲဒီဘက်ရွာတွေက လက်လုပ်လက်စား အခြေခံလူတန်းစားတွေ များပြီး အလို့မဟုတ်ဘဲ ရလို့ လိုက်လုပ်နေကြသူတွေ များတယ်။ ရွာမအုပ်စုဘက်ကအပြန် ချိုင်းကျေးရွာအုပ်စုဘက်ဖြတ်တော့ ရွာလမ်းမပေါ်မှာ အန်အယ်လ်ဒီစည်းရုံးရေးကားနဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း၊ သူ့ထောက်ခံတဲ့ အင်္ကျီအနီဝတ်လူတွေ အုပ်စုလိုက် ဖြတ်သွားတာ တွေ့ရတယ်။ မလှမ်းမကမ်းက ရွာလမ်းမထိပ်မှာတော့ အစိမ်းဝတ် ကြံ့ခိုင်ရေးအုပ်စုက လမ်းပိတ်ရပ်နေကြတာ လှမ်းတွေ့ရတယ်။ ကားပေါ် အတူပါလာတဲ့ ဒေသခံကို မေးကြည့်တော့ အန်အယ်လ်ဒီအဖွဲ့ လမ်းပေါ်ထွက်မရအောင် ပိတ်ထားတာဖြစ်တယ်။ ဒီရွာမှာက သင်္ချိုင်းတောင် ကြံ့ခိုင်ရေးသင်္ချိုင်းနဲ့ အန်အယ်လ်ဒီ သင်္ချိုင်းဆိုပြီး ကွဲနေကြတာလို့ ဖောက်သည်ချ ပြောပြတယ်။ ကိုယ်တွေစီးလာတဲ့ကား လမ်းမတန်းပေါ်ထွက်တော့ ကြံ့ခိုင်ရေးအုပ်စုတွေက စူးစူးဝါးဝါး ၀ိုင်းကြည့်ကြပြီး လူအုပ်ထဲ အရက်မူးနေတဲ့ လူတချို့က လက်ဟန်ပြဆဲတယ်၊ ဒါမျိုးကျ ဗမာတွေ အတုခိုးတာမြန်လို့ တွေးမိတယ်။
နောက်နေ့ မိုးလင်းလို့ အင်တာနက်သတင်းတွေဖတ်တော့ ရန်ကုန် သာကေတမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတယောက် ဓားနဲ့ခုတ်ခံရလို့ ဒဏ်ရာအပြင်းအထန် ရသွားတယ်ဆိုတဲ့သတင်း ဖတ်ရတယ်။ ပုဂ္ဂလိကသတင်းစာ ဖတ်လိုက်တော့ သမ္မတက ပြောင်းချိန်တန်ပြီဆိုတာ ဘာပြောတာလဲ၊ နောက်ထပ်ပြောင်းရန်မရှိဘဲ ကွန်မြူနစ်ပဲ ရှိတော့တယ်လို့ သူ့ဇာတိမြေအသွား ပြောတဲ့အကြောင်း ဖတ်ရတယ်၊ ကွန်မြူနစ်တစ္ဆေ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြီး လူထုကို တရားဝင် ခြိမ်းခြောက်လိုက်တာပဲ ဖြစ်တယ်လို့ နားလည်လိုက်မိတယ်။ အကွက်တွေက ရိုးစင်းလွန်းပြီး ဒီအကွက်တွေနဲ့ပဲ လူထုနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်နေကြတာဖြစ်တယ်။ အလို့ ရလို့ လုပ်သူတွေကို သြော် သူတို့ခမျာ အလို့ရလို့ လုပ်ကြတာပဲ။ အသိဉာဏ်နုံချာတာနဲ့ ဆင်းရဲကြလို့ ဖြစ်ရတာပဲလေလို့ နားလည်ပေးလို့ ရနိုင်သေးတယ်။ အသိဉာဏ်ကြီးကြီးနဲ့ အာဏာဆိပ်တက်ပြီး ပြောချင်ရာပြော လုပ်ချင်ရာလုပ်နေကြတဲ့ သူတွေကိုတော့ ဘယ်လိုမှ နားလည်ပေးလို့ မရပါဘူး။ သမ္မတရဲ့ ကွန်မြူနစ်ဓာတ်ပြားဟောင်း ဖွင့်သံကြားတော့ အွန်လိုင်းပေါ်က ညီငယ်တယောက်က သမ္မတအစိုးရပဲ ကွန်မြူနစ် ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ပလူးပလဲ လုပ်နေတာပဲလေလို့ ချက်ချင်းတုံ့ပြန်ပြောတယ်။ ကြည့်ရတာ သမ္မတလည်း အတိုက်အခံခေါင်းဆောင်ကို တုံ့ပြန်ချင်တာနဲ့ (ပါတီပူးတွဲဥက္ကဋ္ဌဆိုသူပြောသလို) လွှတ်ကနဲ ပြောလိုက်ပုံရပြီး ရှေ့နောက်ကြည့်ပြီး ပြောပုံမရပါဘူး၊ ဒီပုတ်ထဲက ဒီပဲတွေချည်း ဆိုတာလည်း ပိုပေါ်လွင်သွားတာပေါ့။
ချက်နဲ့လက်နဲ့ ပြောတတ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ နောင် ၅ နှစ်အတွက် မဟုတ်ဘဲ နိုင်ငံ့သမိုင်းအတွက် အရေးကြီးလို့ ကိုယ့်အနာဂတ်ဖန်တီးဖို့ သတ္တိရှိရှိ မဲပေးကြလို့ လူထုကို တိုက်တွန်းပြောဆိုနေတယ်။ သူဟာ အခုအချိန်ထိ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ ပုတ်ခတ်ပြောဆိုတာ မရှိဘူး၊ လူထုကို နားမျက်စိပွင့်အောင် ပြောဆိုနေတာပဲ ကြားရတယ်၊ နေရာတကာမှာ သူ့ထောက်ခံတဲ့သူ များတာ မဟုတ်ဘူး၊ အန်အယ်လ်ဒီပါတီကို ထောက်ခံမဲပေးဖို့ ကူပြီး မဲဆွယ်ပေးနေတဲ့ အနုပညာရှင်တွေကိုပင်လျှင် ၀ိုင်းဝန်းထောက်ခံအားပေးသူ များလှတာ နေပြည်တော်မှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ ကိုယ်ပင် အံ့အားသင့်ရတာမဟုတ်ဘဲ စည်းရုံးသီဆို ဖျော်ဖြေသွားကြတဲ့ အနုပညာရှင်တွေလည်း သောင်းနဲ့ချီတဲ့ နေပြည်တော်လူထုကိုကြည့်ပြီး အံ့အားသင့်သွားကြ၊ လူထုအားကိုကြည့်ပြီး ကျေနပ် ၀မ်းသာသွားကြတာ တွေ့မြင်လိုက်ရတယ်။ ညနေစောင်း ရုံးဆင်းချိန်ရောက်တော့ ၀န်ထမ်းတချို့ ရောက်လာပြီး ဖျော်ဖြေရေးကားနဲ့ မလှမ်းမကမ်းမှာရှိတဲ့ နေပြည်တော် သပြေကုန်းဈေးကနေ လှမ်းမျှော်ကြည့်ရှု အားပေးကြတာလည်း တွေ့လိုက်ရတယ်။ ၀န်ထမ်းများတဲ့ နေပြည်တော်ကောင်စီမြို့နယ်တခုမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အန်အယ်လ်ဒီပဲ အနိုင်ရခဲ့တာ ပြန်သတိရလိုက်မိတယ်။
သတင်းတွေကြည့်လည်း သိသာတယ်၊ အရပ်ထဲ လည်ကြည့်လည်း သိသာတယ်။ လူပေါင်းစုံနဲ့ စကားပြောကြည့်လည်း သိသာတာပဲ။ အဲ့ဒါ လာမယ့် ရွေးကောက်ပွဲ အန်အယ်လ်ဒီပဲ နိုင်မယ်ဆိုတာ ဖြစ်တယ်၊ ဥပမာတခု ကောက်ကာငင်ကာပြောရရင် နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်တခုမှာ ကျေးရွာပေါင်း ၆၈ ရွာရှိပြီး အန်အယ်လ်ဒီပါတီကို အ၀င်မခံတဲ့ရွာက ၂ ရွာပဲရှိတယ်။ ကျန်တဲ့ရွာအားလုံးက အန်အယ်လ်ဒီအမာခံ ရွာတွေချည်းဖြစ်တယ်။ ဒါ နေပြည်တော်တင်မဟုတ်ဘဲ နေပြည်တော်နဲ့ ဆက်နေတဲ့ မန္တလေးတိုင်းဒေသကြီး မြို့နယ်တချို့မှာလည်း ဒီတိုင်းဖြစ်တာ တွေ့ရတယ်။ လူထုအများစုက မျက်စိပွင့်နားပွင့် နိုင်ငံရေးရေချိန်မြင့်တယ်။ လူထုခေါင်းဆောင်ပြောတဲ့ ပြောင်းချိန်တန်ပြီ လွန်တောင်လွန်နေပြီ ဆိုတဲ့စကား သူတို့ ထပ်တူပြောနေကြတယ်။ တကယ့်အပြောင်းအလဲကို လိုလိုလားလားလား တောင်းဆိုနေကြပြီ။ အခုအချိန်မှ လူထုခေါင်းဆောင်နဲ့ တိုင်းပြည်ပြောင်းအောင် မလုပ်နိုင်ရင် တိုင်းပြည်နဲ့လူမျိုး ဖွတ်သထက်နစ်ဖို့ပဲ ရှိတော့တယ်ဆိုတာ လူထုအများစု သဘောပေါက် လက်ခံထားကြပြီ။ ဒီလိုအခြေအနေမျိုးမှာ ပြောင်းချိန်တန်ပြီဆိုတာ ဘာပြောတာလဲ၊ ထပ်ပြောင်းဖို့ ကွန်မြူနစ်ပဲ ကျန်တော့တယ်လို့ ပြောနေတာ လူထုနဲ့ ဝေးကွာနေတာကို ပြနေတာပဲဖြစ်တယ်။ လူထုကလည်း ဒီလိုပြောဆို လုပ်ကိုင်နေသူတွေနဲ့ ဝေးဝေးနေချင်ကြောင်း နိုဝင်ဘာ ၈ ရက်မှာ သူတို့မဲနဲ့ ဆန္ဒပြုကြလိမ့်မယ်။