ကလေးတဦးမူဝါဒ တရုတ် အဆုံးသတ်မည်

ဓာတ်ပုံ - ဘီဘီစီ
685
တရုတ်နိုင်ငံမှာ ချမှတ်ထားတဲ့ တအိမ်ထောင်ကို ကလေးတဦးပဲ ယူရမယ်ဆိုတဲ့ မူဝါဒကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ကလေးတဦးအစား ၂ ဦး ယူခွင့်ပြုမယ်လို့ ကွန်မြူနစ်ပါတီ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာသတင်းက ထုတ်ပြန်ပါတယ်။
လူဦးရေဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အသက်ကြီးတဲ့ လူဦးရေနဲ့ မျှခြေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်တာ ဖြစ်တယ်လို့ အောက်တိုဘာ ၂၉ ရက် ဆင်ဟွာသတင်းက ထုတ်ပြန်ပါတယ်။
လက်ရှိ တရုတ်ရဲ့လူဦးရေ ၃၀ ရာခိုင်နှုန်းက အသက် ၅၀ ကျော်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ လူဦးရေက ၁ ဒသမ ၃၆ ဘီလီယံ ရှိနေပါတယ်။
အပြောင်းအလဲ လုပ်ဆောင်ခဲ့ပေမယ့်လည်း တရုတ်မှာ ကလေးတဦး မူဝါဒကို အများစုက လူမှုရေး သတ်မှတ်ချက်တခုအနေနဲ့ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။
လူဦးရေ တိုးပွားနှုန်းကို နှေးကွေးစေဖို့အတွက် အငြင်းပွားဖွယ်ရာ မူဝါဒကို ၁၉၇၉ ခုနှစ်က နိုင်ငံတ၀န်းမှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အသက်အရွယ်ကြီးမြင့်တဲ့ လူဦးရေက အပြောင်းအလဲအတွက် ဖိအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ကလေးတဦးမူဝါဒကို ဆန့်ကျင်တဲ့ လင်မယားတွေက ဒဏ်ငွေနဲ့ ပြစ်ဒဏ်ပေးခဲ့ရပြီး ကိုယ်ဝန်ဖျက်ချဖို့ ဖိအားအနေနဲ့ အလုပ်ပါ ဖြုတ်ပစ်တာတွေ ရှိနေပါတယ်။