Home
မြန်မာသတင်း
မိုင်းနောင်မြို့နယ် ရွာထဲ လက်နက်ကြီးကျ၊ အိမ် ၄ လုံးထိမှန် ၁ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
October 28, 2015
လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ် ထဲမှာ အောက်တိုဘာလ ၂၆ ရက်နေ့က ကျေးရွာနဲ့ ပြည်သူတွေ လက်နက်ထိမှန် ဒဏ်ရာရခဲ့ကြပါတယ်။ မိုင်းနောင်မြို့နယ် ၀ိန်းကောင်အုပ်စု မွေတော်ကျေးရွာမှာ အောက်တိုဘာ ၂၆ ရက်နေ့ ည ၁၀ နာရီကျော်က လက်နက်ကြီးတွေကျပြီး အိမ် ၄ လုံး နဲ့  ရွာသားတဦးကို ထိမှန်ခဲ့တယ်လို့ မိုင်းနောင်မြို့နယ် နမ့်ခုံးပရဟိတလူမှုရေးအသင်းက ဦးစိုင်းဝါလိန်တက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီညက  စိုင်းအုန်းဆိုတဲ့ ရွာသားက သူ့အိမ်မှာပဲ ညအိပ်ယာဝင်ခါနီးပေါ့။ အဲဒါ လက်နက်ကြီးစက ခေါင်မိုးပေါ်ကနေကျပြီး သူ့ကိုမှန်တယ်။  ညာဘက်လက်နဲ့ ၀မ်းဗိုက်မှာ ထိသွားတယ်။ အဲဒီညက ဘယ်သူမှ အိမ်ပြင်မထွက်ရဲလို့ တညလုံးအနာခံရပြီး မနေ့ မနက်မှ မိုင်းနောင်ဆေးရုံကိုရောက်လာတယ်။ ကျနော်အခုပဲ ဆေးရုံမှာသွားကြည့်ပြီး ပြန်လာတယ်။ ခွဲစိတ်ရတာတော့ မရှိဘူး။ ဆေးရုံက ဆေးထည့်ပေးထားတယ်။ လက်က တအားနာလို့ လှုပ်လို့မရဘူး။ အနည်းဆုံးဆေးရုံမှာ ၄-၅ ရက်လောက် နေရမယ်လို့ ဆရာဝန်ကပြောတယ်။” လက်နက်ကြီးစတွေဟာ စိုင်းအုန်းတို့အိမ်အပါအ၀င် အဲဒီရွာက စုစုပေါင်း အိမ် ၄ လုံးကို ထိမှန်ခဲ့ပြီး ၀ိန်းကောင်အခြေစိုက် ခလရ ၂၈၆ စခန်းဘက်ကနေ လာတာလို့ ရွာထဲမှာ  ပြောဆိုနေကြပါတယ်။ နေအိမ်တွေ ထိမှန်ပျက်စီးသွားတဲ့အပေါ်မှာရော၊ ဒဏ်ရာရသွားတဲ့သူကိုပါ ဘယ် အဖွဲ့အစည်းကမှ လာရောက်တာဝန်ယူ အကူအညီပေးတာတွေ မရှိသေးဘူးလို့  ဦးစိုင်းဝါလိန်တ က ပြောသွားပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့ တရက်တည်းမှာပဲ မိုင်းရှူးမြို့နယ် ဟိုင်းပါဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းကနေ မိမိနေရင်းရွာကို ပြန်သွားတဲ့ ရွာသားတဦး လမ်းမှာ အပစ်ခံခဲ့ရတယ်လို့  ဒုက္ခသည်တွေကို သွားရောက်အကူအညီပေးရင်း တွေ့မြင်ခဲ့ရသူ  နန်းရင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျမတို့က နမ့်စံကပါ။ ရွာဦးကျောင်းက ဆရာတော်ဘုရားနဲ့အတူ စစ်ဘေးရှောင်သူတွေအတွက် အလှူငွေနဲ့ ပစ္စည်းတွေသွားပို့တာ၊  မွန်းလွဲ ၂ နာရီလောက်က အားလုံးပြန်မလို့ လုပ်နေတုန်း သေနတ်ဒဏ်ရာရတဲ့ လူနာတယောက်ရောက်လာတယ်ဆိုလို့ ပြန်သွားကြည့်တာ၊ အသက် ၆၀ လောက်ရှိတဲ့ ပလောင်အမျိုးသားကြီးတယောက် သူ့နာမည်က လုံးပွဲ လို့ခေါ်တယ်။ ညာဘက် လက်ကိုကျည်ဆန်က ပေါက်ထွက်သွားတာ၊  ဆေးရုံတော့ မသွားသေးဘူး။ အဲဒီ ဘုန်းကြီးကျောင်း မှာရောက်နေတဲ့ ဆရာဝန်တွေက ဆေးထည့်ပေးနေတယ်။” ဦးပွဲဟာ ကုန်းနိမ်ရွာကဖြစ်ပြီး သူတို့ရွာနားမှာ တိုက်ပွဲဖြစ်လို့ ပြီးခဲ့တဲ့အပတ်က တခြားရွာ သားတွေနဲ့အတူ ဘုန်းကြီးကျောင်းကို ရှောင်တိမ်းလာကြောင်း၊ ၂၆ ရက်နေ့ကတော့ အိမ်နဲ့ ခြံကို စိတ်မချလို့ ပြန်သွားကြည့်တဲ့အခါ လမ်းမှာအစိုးရတပ်က သူ့ကို ရပ်ခိုင်းကြောင်း၊ သူက မရပ်ဘဲ ဆက်သွားတဲ့အတွက်  သေနတ်ပစ်ခံရတာလို့  နန်းရင်က ပြောသွားပါတယ်။ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ထိုးဖို့ အဆင်မသင့်သေးတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကို အစိုးရတပ်က အောက်တိုဘာလ ၆ ရက်ကနေစပြီး ဒီကနေ့ထိ ထိုးစစ်ဆင်နေရာမှာ  အနီးနားပတ်ဝန်းကျင်က ရွာသူရွာသားပေါင်း သုံးထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024