လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မိုင်းရှူးမြို့တွင် ဈေးနှင့်ကျောင်းများ အရေးပေါ်ပိတ်ထား

မိုင်းရှူးမြို့နယ်တွင်းရှိ နာမည်ကြီး ဟိုင်းပါရေတံခွန်။ (ဓာတ်ပုံ - Hseng Herng)
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရာမှာ ဒီကနေ့ မိုင်းရှူးမြို့အနီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်ရှိ ဈေးဆိုင်တွေနဲ့ စာသင်ကျောင်းတွေကို ရုတ်တရက် ပိတ်ထားလိုက်ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက  မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်တွင်းက ကျေးရွာတွေမှာပဲ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပေမယ့် ဒီကနေ့တော့ မိုင်းရှူးမြို့အနီးနားထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိလာတာပါ။ အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာ လက်နက်ကြီးပစ်ခတ်သံတွေ စတင်ကြားရတဲ့အတွက် မြို့သူမြို့သားတွေ ထိတ်လန့်ပြီး ဈေးဆိုင်တွေ၊ ကျောင်းတွေ အကုန်ပိတ်ကုန်တယ်လို့ မိုင်းရှူးမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်အမတ်လောင်း နန်းကောင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။ “ဒီနေ့ မွန်းလွဲ ၂ နာရီလောက်ကစပြီး အသံတွေကြားရတယ်။ ကျမလည်း ပါတီရုံးမှာ အလုပ်လုပ်နေတုန်း ရုံးစောစောပိတ်ပြီး အိမ်ကို ကမန်းကတန်းပြန်ခဲ့တယ်။ အိမ်မှာလည်း ဈေးဆိုင်ဖွင့်ထားတော့ ဆိုင်ပိတ်လိုက်တယ်။ ဈေးထဲမှာလည်း တရုန်းရုန်းနဲ့ ဈေးဆိုင်တွေသိမ်း၊ ကျောင်းက ကလေးတွေလည်း စောစောပြန်လာကြတယ်။ အခုတော့ တမြို့လုံး တိတ်ဆိတ်နေပြီ။ တချက်တချက် ပစ်ခတ်သံတွေ ကြားရတုန်းပဲ။ မိုင်းရှူးအခြေစိုက် အမှတ် ၁၄၉ အမြောက်တပ်ကနေပြီး မိုင်းရှူးမြို့အရှေ့ဘက် ကောင်းဆမိုင်းပန်စွဲ တောင်ကုန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ ပြောနေကြတယ်။ အဲဒီဘက်မှာ သူတို့ ၂ ဘက် ထိပ်တိုက်တွေ့ ပစ်ခတ်နေကြတာ။” တိုက်ပွဲတွေ မြို့နဲ့ အရမ်းနီးကပ်နေသလို ကြားရတဲ့အတွက် ဒေသခံတွေကြား စိုးရိမ်ပူပန်မှုတွေ ပိုလို့ တိုးပွားလာနေပါတယ်။ ဒေသခံတဦးဖြစ်တဲ့ နန်းဆိုင်ဟန်းက “ခုနလေးတင် ကျမတို့အိမ်ရဲ့ အရှေ့တောင်ဘက် မြို့ပြင်ဘက်မှာ ပေါက်ကွဲသံအကျယ်ကြီး ကြားရတယ်။ လက်နက်ကြီးသံ၊ အကုန်လုံး အိမ်တံခါးတွေ၊ ၀င်းတံခါးတွေ ပိတ်ထားပြီ။ အဲဒီ ပေါက်ကွဲသံကြားရတဲ့ ဟိုဘက်နည်းနည်းလွန်ရင် ကောင်းပန်ဆိုင်တို့လို ရွာလေးတွေရှိတယ်။ သူတို့ရွာထဲ ကျမလားလို့ စိတ်ပူမိပါတယ်။” အောက်တိုဘာ ၆ ရက်နေ့ကစပြီး ကျေးသီး၊ မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ အနီးနားရှိ ကျေးရွာတွေက  ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ မိုင်းရှူးမြို့ပေါ်မှာတော့ ခုရက်ပိုင်းအတွင်း ရွာတွေဘက်ကနေ တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည် ၃၀၀ ကျော်လောက် ရှိနေပါတယ်။ အခုလို ပြည်သူတွေ ထောင်နဲ့ချီ ဒုက္ခရောက်နေရတာနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေ ရပ်တန့််အောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေ နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီ ရရှိစေရေး ဆောင်ရွက်ပေးဖို့ ပြည်တွင်းပြည်ပ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းပေါင်း ၅၀ ကျော်က သမ္မတဦးသိန်းစိန်ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up