Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် စစ်ပွဲ ရပ်ဆိုင်းရန် စ၀်ယွက်စစ် တောင်းဆို
DVB
·
October 27, 2015
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်တွေနဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပေးဖို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ခေါင်းဆောင် စ၀်ယွက်စစ်က သမ္မတ ဦးသိန်းစိန်ကို စာရေးတောင်းဆိုလိုက်ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (အက်စ်အက်စ်ပီပီ/ အက်စ်အက်စ်အေ) အဖွဲ့ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့အတူ အန်စီအေကို ညှိနှိုင်းဆွေးနွေး ရေးဆွဲရာမှာ တတတ်တအား  ပါဝင်ခဲ့တဲ့ အဖွဲ့ဖြစ်ကြောင်း၊ အန်စီအေကို လက်မှတ်ထိုးဖို့ ငြင်းဆန်ကန့်ကွက်တာ မဟုတ်ကြောင်းနဲ့ လက်မှတ်ထိုးမယ့် အကြိုကာလမှာ အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ခုချိန်ထိ ပြန်ဖြစ်နေတာဖြစ်တယ်လို့ စာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သိရှိနားလည်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးဒုက္ခခံစားနေရပြီး တိုက်ပွဲတွေ လျှော့ချရပ်ဆိုင်းနိုင်ရေးအတွက် နှစ်ဘက် ပြည်လည်တွေ့ဆုံညှိနှိုင်းပေးဖို့  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဥက္ကဋ္ဌ စ၀်ယွက်စစ်က တောင်းဆိုထားပါတယ်။ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ အစိုးရရဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ထဲမှာ ပါဝင်တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024