Home
သတင်းဓာတ်ပုံ
နေပြည်တော်တွင် ထွန်းအိန္ဒြာဗိုလ်တို့၏ ဖျော်ဖြေရေးယာဉ်တန်း တားမြစ်ခံရ
ရွှေအောင်
·
October 27, 2015
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်းမှာ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်တို့ ပါဝင်တဲ့ အန်အယ်လ်ဒီ ဖျော်ဖြေရေးယာဉ်တန်းကို အုပ်ချုပ်ရေး အာဏာပိုင်တွေက ကန့်သတ်တားမြစ်မှုတခု လုပ်ခဲ့ပါတယ်။ ထွန်းအိန္ဒြာဗိုလ်တို့အဖွဲ့ ရမည်းသင်းမြို့မှာ ဖျော်ဖြေခဲ့အပြီး ရန်ကုန်အပြန်လမ်းမှာ အောက်တိုဘာ ၂၆ ရက် ညနေ ၆ နာရီလောက်က တားခံရတာ ဖြစ်ပါတယ်။ တပ်ကုန်းမြို့နယ်၊ ကျို့ပင်သာစစ်ဆေးရေးဂိတ်မှာ တားမြစ်ခဲ့တာဖြစ်တယ်လို့ ရမည်းသင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ “တားတဲ့သူတွေထဲမှာ မြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်လွင်ဦး ပါတယ်။ အင်အား ၂၀ လောက်နဲ့ တားတာ၊ ၂ နာရီလောက်ကြာအောင် ပိတ်မိခဲ့တယ်။ စည်းရုံးရေးအကြောင်းပြပြီး တားမြစ်ကန့်သတ်တာ။” အန်အယ်လ်ဒီ စည်းရုံးရေးယာဉ်တန်း တားမြစ်ကန့်သတ်ခံရမှုမှာ ပါဝင်ညှိနှိုင်းပေးခဲ့တဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ဒီလို တားမြစ်ပိတ်ပင်မှုဟာ မူမမှန်ဘူးလို့ သုံးသပ်ပြောပါတယ်။ “ဒါသည် အများပြည်သူပိုင်လမ်းဖြစ်တယ်။ ဒီလမ်းကို ဒီလိုပဲ ဖြတ်သန်းသွားခဲ့ရုံနဲ့ ပိတ်ပင်တားမြစ်ခြင်းကတော့ သိပ်ပြီးတော့ မူမှန်တဲ့ ပိတ်ပင်တားမြစ်ခြင်း မဟုတ်ဘူးလို့တော့ ကျနော့်အမြင်နဲ့တော့ ယူဆတယ်ဗျ။ ဆိုလိုချင်တာက ကျနော်တို့တွေ ဒီသတ်မှတ်တဲ့ နေရာတခုခုမှာ ဖျော်ဖြေရေးသော်လည်းကောင်း၊ လှုံ့ဆော်ရေးသော်လည်းကောင်း၊ စည်းရုံးခြင်းသော်လည်းကောင်း၊ ဟောပြောခြင်းသော်လည်းကောင်း လုပ်ကောင်းလုပ်မယ်။ ဒါပေမယ့် ဒီဟာလုပ်ပြီးသွားလို့ ကိုယ်နေထိုင်ရာ နေရာတခုကို ပြန်မယ်ဆိုတဲ့ အချိန်မှာတော့ လမ်းတလျှောက်မှာ ဖြတ်သွားရတဲ့ မြို့တွေကတော့ ရှိနေမှာပဲလေ။ ဒီဖြတ်သွားရတဲ့ မြို့တွေတိုင်းမှာ ကျနော်တို့က အကုန်လုံး စည်းရုံးဟောပြောတာလေးတွေ လုပ်ကိုင်ဆောင်ရွက်သွားမှာမှ မဟုတ်ဘဲ။ ဒါပေမယ့် အဲ့ဒါကိုမှ ဖြတ်သန်းသွားလာခွင့်တောင် မပြုဘူးဆိုတဲ့ နေပြည်တောင်ကောင်စီရဲ့ ပိတ်ပင်မှုကတော့ ကျနော့်အနေနဲ့ လုံးလုံး လက်ခံနိုင်စရာအကြောင်းတော့ မရှိဘူးဗျ။” အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာလည်း အဆိုတော် သျှီ၊ အနဂ္ဂ၊ ရန်ရန်ချမ်း စတဲ့သူတွေပါဝင်တဲ့ ဖျော်ဖြေရေးယာဉ်ဟာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ အန်အယ်လ်ဒီ စည်းရုံးရေး ဖျော်ဖြေဖို့ရှိနေပြီး အဲ့ဒီပွဲအတွက် ခွင့်ပြုစာ ရထားပြီးပြီလို့ သူက ဆက်ပြောပါတယ်။ “ကျနော့်ရဲ့ မိတ်ဆွေတွေလည်းဖြစ်တယ်၊ နောက်ပြီးတော့ သူငယ်ချင်း အရင်းကြီးတွေလည်းဖြစ်တဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်အစစ်တွေ အနဂ္ဂတို့၊ ကိုရန်ချမ်းတို့ သူတို့ကနေပြီးတော့ သွားတော့ သူတို့ကနေ စုစည်းဦးဆောင်ပြီး သွားတော့ပေါ့ဗျာ အနုပညာရှင်တချို့က မန္တလေးမှာ ဖျော်ဖြေပွဲရှိပါတယ်။ အဲဒီတော့ မန္တလေးကိုအသွားမှာ ကျနော်တို့ရဲ့ ဒီနေပြည်တော်မှာ တထောက်ဝင်နားတဲ့ပုံစံနဲ့ ဖျော်ဖြေရေးလုပ်ဖို့အတွက်ဆိုပြီး သွားတော့ စီစဉ်ဖြစ်တာပါ။ အဲဒီ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ သက်ဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ကို ခွင့်ပြုချက်တွေ တင်ထားပြီးပါပြီ၊ ခွင့်ပြုစာလည်း ရထားပြီးပါပြီဗျ။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ရုပ်ရှင်နဲ့ အဆိုတော်တွေ ယာဉ်တန်းနဲ့ တပြည်လုံးအနှံ့ လိုက်လံဖျော်ဖြေ စည်းရုံးနေရာမှာ နေပြည်တော်မှာ တားမြစ်ခံရတာ ပထမဆုံး ဖြစ်ပါတယ်။ ဓာတ်ပုံ - Mi Mi Khine  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024