ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်အနီး အင်အားပြင်းငလျင်လှုပ်၊ လူ ၂၆၀ သေဆုံး (ရုပ်သံ)

1.9K
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် ၂ နိုင်ငံနယ်စပ်နားက တောင်တန်းဒေသမှာ ပြင်းအား ရစ်ချတ်တာ စကေး ၇ ဒသမ ၅ ရှိတဲ့ ငလျင်တရပ် အောက်တိုဘာ ၂၆ ရက်နေ့က လှုပ်ခတ်ခဲ့ပါတယ်။
ဒီငလျင်ကြောင့် ပါကစ္စတန်နဲ့အာဖဂန် နစ္စတန် နိုင်ငံတွေမှာ လူအနည်းဆုံး အယောက် ၂၆၀ သေဆုံးပြီး ရာနဲ့ချီပြီး ဒဏ်ရာရတယ်လို့ အောက်တိုဘာ ၂၆ ရက် ညနေထိ ရရှိထားတဲ့ အစီရင်ခံစာတွေက ဆိုပါတယ်။
ငလျင်ရဲ့ အရှိန်ကို အိန္ဒိယနိုင်ငံ နယူးဒေလီအထိလည်း ခံစားခဲ့ရပါတယ်။ ငလျင်လှုပ်အပြီးမှာ ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်နေတာကြောင့် သေဆုံးသူ အရေအတွက် ဒီထက်မက တိုးလာနိုင်ပါတယ်။
ငလျင်ဟာ ဟိန္ဒူကုရှ် တောင်တန်းဒေသကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။ အဆိုးဆုံး အဖြစ်အပျက်တခုကကတော့ အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းက တခ်ဟာ ဆိုတဲ့ ပြည်နယ်ထဲမှာ ကျောင်းသူ ၁၂ ယောက် သေဆုံးခဲ့တာပါ။
ငလျင်ဟာ မြေအောက် ၁၅၈ မိုင်မှာ ဗဟိုပြုခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာနက ပြောပါတယ်။ ငလျင်က အင်အား ပြင်းလို့တရုတ်နိုင်ငံ အနောက်မြောက် ဘက် ရှင်းကျန်း ပြည်နယ် တောင်ပိုင်း တခုလုံး ငလျင်လှုပ်တာကို ခံစားမိခဲ့တယ်လို့ စီစီတီဗီ သတင်းဌာနက အစီရင်ခံပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကလည်း ပါကစ္စတန် မြောက်ပိုင်းဒေသမှာ ပြင်းအား ၇ ဒသမ ၆ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီး လူ ၇၅၀၀၀ အထိ သေဆုံးခဲ့ဖူးပါတယ်၊၊