အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ ၀က်စ်ဟမ်းကို ရှုံးနိမ့်သွားတဲ့ပွဲစဉ်မှာ ချဲလ်ဆီး နည်းပြ မော်ရင်ဟိုရဲ့ အပြုအမူနဲ့ အသုံးအနှုန်းတွေအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်လိုက်ပါတယ်။
ဒီပွဲမှာ ဒိုင်လူကြီး ဂျွန်မော့စ်ကို ဒုတိယပိုင်းမှာ အခန်းတွင်း သွားစကားပြောခဲ့တဲ့အတွက် ပွဲကြည့်စင်ကနေ ပွဲကို ကြည့်ရှုခဲ့ရပါတယ်။
မော်ရင်ဟို လက်ထောက်လည်း မသင့်တော်တဲ့ အပြုအမူကြောင့် ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါ့အပြင် ၂ သင်းစလုံးဟာ ကစားသမားတွေကို မထိန်းချုပ်နိုင်တဲ့အတွက် စွဲဆိုခံထားရပြီး အောက်တိုဘာ ၂၉ မတိုင်ခင် တုံ့ပြန်ရမှာ ဖြစ်ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲကို မတက်ရောက်တဲ့ မော်ရင်ဟိုရဲ့ အပြုအမူနဲ့ ပတ်သက်ပြီးတော့လည်း ကလပ်အသင်းက ရှင်းပြရမှာဖြစ်ပါတယ်။
မော်ရင်ဟိုနဲ့ပတ်သက်တဲ့ ဒိုင်လူကြီးဂျွန်မော့စ်ရဲ့ အစီရင်ခံစာ အသေးစိတ်ကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က စောင့်ကြည့်နေပါတယ်။
ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်သွားတဲ့ပွဲမှာ ဒိုင်ကို ပြောဆိုခဲ့တဲ့အတွက် မော်ရင်ဟိုက ကွင်းအတွင်းကနေ တပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံထားရပါတယ်။
ချဲလ်ဆီးအသင်းကလည်း ဒီပွဲမှာ မာတစ် အနီကတ်နဲ့ တခြားကစားသမား ၅ ဦး အ၀ါကတ် အပြခံရပြီး ပေါင် ၂၅၀၀၀ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။