A d v e r t i s e m e n t With Us

ပြုပြင်စီရင်ထားသည့် အသားများကို စားသုံးခြင်းဖြင့် အူသိမ်အူမကင်ဆာ ဖြစ်စေနိုင်

နီရဲတဲ့ အသားတွေဟာ ရောဂါတွေ ဖြစ်စေနိုင်တယ်၊ ပြုပြင်စီရင်ထားတဲ့ အသားတွေကို စားတာဟာ အူသိမ်အူမ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ပညာရှင်တွေက အောက်တိုဘာ ၂၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပြင်သစ်အခြေစိုက် နိုင်ငံတကာ သုတေသနဌာန(IARC) က ခုလို စာရင်းသွင်းလိုက်တာပါ။ ဟော့ဒေါ့ ဝက်အူချောင်းနဲ့ဟမ် အသားပြားတွေလို ပြုပြင်စီရင်ထားတဲ့ အသားတွေကို ဆေးရွက်ကြီး ဒီဇယ်မီးခိုးမှိုင်းနဲ့အဲ့ဘက်စ်တို့စ် ဒြပ်ပေါင်းတို့ ပါတဲ့ ကင်ဆာ ဖြစ်စေနိုင်ဆုံး အုပ်စု ၁ ထဲမှာ ထည့်သွင်းခဲ့တာပါ။ ကင်ဆာနဲ့ပတ်သက်ကြောင်း သိသာထင်ရှားတဲ့ သက်သေတွေ ရှိနေတယ် လို့ဆိုပါတယ်။ လူတယောက်ချင်း အနေနဲ့ပြုပြင်စီရင်ထားတဲ့ အသားတွေ စားလို့အူသိမ်အူမ ကင်ဆာဖြစ်နိုင်ချေ ဘေးက နည်းပါးပါတယ် ဒါပေမယ့် ဘယ်လောက် ပမာဏစားလဲ ဆိုတဲ့အပေါ် မူတည်ပြီး ဘေးက တိုးသွားတာလို့ ပြင်သစ်အခြေစိုက် နိုင်ငံတကာ သုတေသနဌာန (IARC)က ဒေါက်တာ ခါ့တ်စထရေ့ဖ်  က ပြောပါတယ်။ တခြားကျန်းမာရေး ပညာရှင်တွေကလည်း ခုလို တွေ့ရှိချက်ကို မအံ့သြဘူးလို့ ပြောပါတယ်။ ဒီအချက်ကို ထောက်ခံဖို့ တခြား သိပ္ပံသက်သေပြချက် သုတေသနအချက်တွေ အများကြီး ရှိနေတယ်လို့လန်ဒန် အခြေစိုက် အာဟာရပညာရှင် ချားလော့တ် စတာလင် ရိဒ်က ပြောပါတယ်။ ပြုပြင်စီရင်ထားတဲ့ အသားကို နေ့စဉ်တရက်ကို ဂရမ် ၅၀ စားသောက်တိုင်း အူသိမ်အူမကင်ဆာ ဖြစ်နိုင်တဲ့ဘေးက ၁၈ ရာခိုင်နှုန်းတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထား ပါတယ်။ နိုင်ငံတကာက သုတေသန ပညာရှင် အယောက် ၁၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ အကျိုးတူ ယာယီအဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာရောဂါ ဝန်ထုပ်ဝန်ပိုး စီမံကိန်းကတော့ ကမ္ဘာတလွှား ပြုပြင်စီရင်ထားတဲ့ အသားတွေ အစားများလို့ ကင်ဆာရောဂါနဲ့သေဆုံးနှုန်းက တနှစ်ကို အယောက် ၃ သောင်း ၄ထောင်လောက် ရှိတယ်လို့ခန့်မှန်း ထားပါတယ်။ ကမ္ဘာတလွှား အရက်သောက်လို့သေဆုံးသူ တနှစ်ကို အယောက် ၆ သိန်းရှိပြီး ဆေးလိပ်သောက်လို့ ကင်ဆာဖြစ်ပြီး သေဆုံးသူ တနှစ်ကို အယောက် တသန်း ရှိတယ်လို့လည်း ဒီအဖွဲ့က နှိုင်းယှဉ် ပြောဆို ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up