A d v e r t i s e m e n t With Us

ရွေးကောက်ပွဲ ကျင်းပရန် ၂ ပတ်သာလိုသော်လည်း ရွေးကောက်ပွဲ အသိပညာ အားနည်း

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်နေပြီဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တာတွေကို သိပ်မသိသေးတာက အခက်အခဲ ဖြစ်နေတယ်လို့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ “လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ် ၃ ယောက် မဲပေးရမယ်ဆိုတာ မသိကြဘူး။ လူတယောက်ကို တမဲပဲပေးရမယ်လို့ ထင်နေကြတယ်။ ဘယ်လိုမဲပေးရမယ်၊ တံဆိပ်တုံး ဘယ်လိုထုရမယ်ဆိုတာ အသိအားနည်းကြတယ်” လို့ လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။ အဲဒီအတွက် မဲဆန္ဒရှင် ပညာပေးတာကို မဲဆွယ်စည်းရုံးခွင့်ရတဲ့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ မှားယွင်းနေတဲ့ မဲစာရင်းတွေကြောင့် စာရင်းမှာ ပါဖို့အတွက်လည်း လုပ်ပေးနေရတယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ လာမယ့်ရွေးကောက်ပွဲ မဲပေးရာမှာလည်း အရင်အကြိမ်တွေက မလုပ်ခဲ့တဲ့ တံဆိပ်နှိပ်ရမှာ ဖြစ်တဲ့အတွက် အမှားအယွင်းမဖြစ်အောင် လေ့ကျင့်ပေးနေတာတွေလည်း ရှိပါတယ်။ “ဒါကတော့ ရှင်းပြရတာပေါ့။ ပြည်သူတယောက်ဟာ မြန်မာလူမျိုးဖြစ်မယ်ဆိုရင် မဲ ၃ မဲ ပေးရမယ်။ ဘာမဲတွေ ဖြစ်တယ်ဆိုတာ သေသေချာချာ ရှင်းပြရပါတယ်။ မဲဆွယ်တာကိုတော့ အိမ်တိုင်ရာရောက် လုပ်နေတယ်။ မဲဆန္ဒရှင် ပညာပေးအလုပ်တွေအတွက်လည်း တခြားအဖွဲ့တွေက လုပ်နေပါတယ်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် ၁၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း   ဒေါက်တာစောလှထွန်းက ပြောပါတယ်။ လူထုကတော့ နိုဝင်ဘာ ၈ ရက်နေ့ မဲပေးရမယ်ဆိုတာ သိနေပြီး ဘယ်ကိုယ်စားလှယ်ကို မဲပေးရမယ်ဆိုတာ စဉ်းစားနေကြတယ်လို့လည်း သူက ဆိုပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ မဲစာရင်းစစ်ဖို့၊ မဲပေးဖို့ စတာတွေကို လူမှုအဖွဲ့အစည်းတွေက လှုံ့ဆော်နေသလို ရွေးကောက်ပွဲကိုလည်း စောင့်ကြည့်သွားကြဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up