ဟောင်ကောင် ခရီးသည်တင်သင်္ဘော တိုက်မိပြီး လူ ၁၀၀ ကျော် ဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
902
မကာအိုကနေ ဟောင်ကောင်ကျွန်းဆီကို ပြန်လာတဲ့ ခရီးသည်တင်သင်္ဘောဟာ အောက်တိုဘာ ၂၅ ရက်နေ့က အမျိုးအမည်မသိ အရာဝတ္ထုနဲ့ တိုက်မိပြီး ရုတ်ရုတ်သဲသဲ အခြေအနေကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းအထိ ၅ ဦးရဲ့ အခြေအနေက အသက်လုနေရပြီး ၈ ဦးက စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေတယ်လို့ ဟောင်ကောင်အခြေစိုက် အာတီအိပ်ခ်ျကေ မီဒီယာက အစီရင်ခံပါတယ်။
ဒဏ်ရာကြောင့် ဆေးရုံပို့ခဲ့ရသူ ၁၂၄ ဦးထဲက အယောက် ၇၀ သက်သာလို့ ပြန်ဆင်းသွားပြီလို့ ဆိုပါတယ်။
ဟောင်ကောင်အခြေစိုက် အေတီဗွီ ရုပ်သံလိုင်းက ကူးတို့သင်္ဘောကို စစ်ဆေးနေတဲ့ ပုံကို ပြသပါတယ်။
သင်္ဘောကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကိုယ်ထည်ရဲ့ အနောက်ပိုင်းနဲ့ စက်ခန်းမှာ ထိခိုက်တယ်လို့ ဆိုပါတယ်။
တိုက်မိတဲ့အချိန်မှာ သင်္ဘောဟာ အပေါ်ကို မြောက်တက်ခဲ့ပြီး လျှပ်စစ်မီးလည်း ပြတ်တောက်ခဲ့တယ်လို့ အာတီအိပ်ခ်ျကေ သတင်းမှာ ဖော်ပြပါတယ်။
ဟောင်ကောင်ဟာ ကမ္ဘာမှာ ကုန်တင်ကုန်ချ အများဆုံး ဆိပ်ကမ်းတွေရှိတဲ့ ကျွန်းဖြစ်ပြီး ကြီးကြီးမားမား မတော်တဆမှုတွေ ကြုံတောင့်ကြုံခဲ့ ဖြစ်ပါတယ်။
ဟောင်ကောင်ကနေ မကာအိုဆီကို အားလပ်ရက် အပန်းဖြေထွက်သူတွေကလည်း တိုးနေပါတယ်။
ကာအိုကျွန်းဟာ တရုတ်နိုင်ငံ နယ်မြေထဲမှာ ကာစီနို အလောင်းကစားကို တရားဝင်ခွင့်ပြုထားရာ တခုတည်းသောနေရာ ဖြစ်ပါတယ်။