Home
မြန်မာသတင်း
သပိတ်မှောက် ကျောင်းသားများကို အမြန်ဆုံးပြန်လွှတ်ရန် ဆရာများအဖွဲ့ချုပ်တောင်းဆို
DVB
·
October 25, 2015
11822340_10207654602789663_6991217194120375726_n-622x416
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့  သပိတ်မှောက် ကျောင်းသားတွေ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတာ ၈ လနီးပါးကြာနေပြီ ဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ ကျောင်းသားလူငယ်တွေဟာ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ရိုးသားစွာ ဆန္ဒဖော်ထုတ်တာဟာ တိုင်းပြည်နဲ့ လူထုအကျိုးပျက်စီးရာ ပျက်စီးကြောင်းဆောင်ရွက်တာမဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ် ထူထောင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ တိုင်းပြည်အနာဂတ်တခု ထူထောင်ဖို့ ဖြစ်တယ်၊ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ချုပ်နှောင်ထားခြင်းသာ ဖြစ်တယ်လို့ ဆရာ ဆရာမများအဖွဲ့ချုပ်ရဲ့ အောက်တိုဘာ ၂၅ ရက်နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တိုင်းပြည်နဲ့ လူထုအကျိုးစီးပွားကို မြှင့်တင်လိုစိတ်ရှိတဲ့ ကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားပေမယ့် တိုင်းပြည်နယ်မြေထဲ ကျူးကျော် သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ရာဇ၀တ်သားတွေကို တသက်တကျွန်းထောင်ဒဏ်ချပြီး ၈ ရက်မြောက်နေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့တာကို အံ့အားသင့်မိတယ်လို့လည်း  ဆိုပါတယ်။ အစိုးရက ကျောင်းသားလူငယ်တွေကို အငြိုးအာဃာတကြီးစွာ ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် ဆရာ၊ ဆရာမတွေအနေနဲ့ အပြင်းအထန် ရှုတ်ချလိုက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့  ကြေညာချက် ထုတ်ပြန် အလေးအနက် တောင်းဆိုတာလို့ ဆိုပါတယ်။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့  ရန်ကုန်ကို ခရီးရှည် ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ကြတဲ့ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လက  လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းပြီး သာယာဝတီထောင်မှာ ဖမ်းဆီးတရားစွဲ  ဆိုထား တာဖြစ်ပါတယ်။ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းကတော့ တရားစွဲဆိုမှုတွေ ရုပ်သိမ်းပြီး အားလုံး ပြန်လည်လွတ်မြောက်လာရေးအတွက် သာယာဝတီ ထောင်တွင်း အောက်တိုဘာ ၂၃ ရက်ကစပြီး အစာငတ်ခံ ဆန္ဒပြနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024