A d v e r t i s e m e n t With Us

မြန်မာဘောလုံးအဖွဲ့ချုပ် ဒေါ်လာ ၂ သောင်းခွဲကျော် ပြစ်ဒဏ်ချမှတ်ခံရ

ဟောင်ကောင် နှင့် မြန်မာအသင်း ပွဲတွင် ပရိသတ်တဦး ကွင်းထဲဝင်လာစဉ်
ဘောလုံးပွဲကြည့် ပရိသတ်တွေရဲ့ စည်းကမ်းမဲ့မှုကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ်ကို အာရှ ဘောလုံးအဖွဲ့ချုပ် AFC က အမေရိကန်ဒေါ်လာ  ၂၅,၅၀၀ ပေးဆောင်ဖို့ နဲ့ ပရိသတ်မပါဘဲ ပွဲစဉ်တပွဲကစားဖို့ ကွင်းပိတ်ပြစ်ဒဏ်တွေ အရေးယူ ချမှတ်လိုက်ပါတယ်။ အောက်တိုဘာလဆန်းပိုင်းက  မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့  ၂၀၁၆ အာရှ ယူ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအတွင်း ပရိသတ်တဦး ကွင်းအတွင်း ၀င်ရောက်လာတာ၊ ပရိသတ်အချို့က ရေဘူးနဲ့ ပစ်ပေါက်ခဲ့တာနဲ့ မီးကျည်ဖောက်ခဲ့ တာတွေအတွက် အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အရေးယူလိုက်တာလို့ မြန်မာ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ ယူ၁၉ နဲ့ ဟောင်ကောင် ယူ ၁၉ တို့ပွဲစဉ်မှာ ဟောင်ကောင် အသင်းက မြန်မာအသင်းကို ဦးဆောင်ဂိုး သွင်းပြီးချိန်  ပရိသတ်တဦးက ကွင်းအတွင်း ၀င်ရောက်လာမှုကြောင့် ဒဏ်ငွေ ဒေါ်လာ ၆,၀၀၀ ပေးဆောင်ဖို့နဲ့   ပြိုင်ပွဲလုံခြုံရေးအစီအစဉ် ချို့ယွင်းမှုကြောင့် ဒေါ်လာ ၄,၅၀၀ ပေးဆောင်ဖို့ ဒဏ်တပ်ခံရပါတယ်။ အလားတူ  မြန်မာ ယူ၁၉ နဲ့  ဗီယက်နမ် ယူ ၁၉ ပွဲစဉ်မှာလည်း   ကွင်းအတွင်း ပရိသတ်တွေရဲ့  အပြုအမူကြောင့် ဒေါ်လာ ၇၅၀၀ ပေးဆောင်ဖို့နဲ့ လုံခြုံရေး အစီအစဉ် အားနည်းချို့ယွင်းမှုကြောင့် ဒေါ်လာ ၇,၅၀၀ ပေးဆောင်ဖို့  စုစုပေါင်း ဖြစ်ရပ် (၄) ခုအတွက် ဒေါ်လာ (၂၅,၅၀၀) ပေးဆောင်ဖို့ ဒဏ်တပ်ခံရတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AFC ဘောလုံး ပြိုင်ပွဲတပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ် ကစားဖို့လည်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး  အလားတူ ဖြစ်ရပ်တွေ   ထပ်မံဖြစ်ပွားပါက ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့လည်း အာရှ ဘောလုံး အဖွဲ့ချုပ်က အသိပေးကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up