သူခိုးကြီးတွေ မိပြီနဲ့ ယိုပေါက်ကြီး ၁၀ ပေါက်ကိုပိတ်ရအောင်

436
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံထဲမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ သတင်းထူးတပုဒ်ကတော့ Global Witness အဖွဲ့ကနေ “ကျောက်စိမ်း - မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော်လျို့ဝှက်ချက်”အမည်ရှိ အစီရင်ခံစာကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ထုတ်ပြန်ခဲ့တဲ့ သတင်းပါပဲ။
အဲဒီအစီရင်ခံစာအရ မြန်မာကျောက်စိမ်းကဏ္ဍမှ ရရှိသော အကျိုးအမြတ် အများစုကို အာဏာရှင်ဟောင်း ဦးသန်းရွှေ မိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တပ်မတော်၏ မြန်မာ့စီပွားရေးဦးပိုင်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ ထူးအုပ်စု၊ အေးရှားဝေါလ်၊ KBZ Group၊ Ever Winner လုပ်ငန်းစုနှင့် Sky Net ကုမ္ပဏီ၊ ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ကာလရှည် ဘဏ္ဍာငွေ ထောက်ပံ့ခဲ့တဲ့ မူးယစ်ရာဇာ ဝေဆူးကျန် (ဝေရှောက်ခမ်း) တို့နဲ့ ဆက်စပ်ကုမ္ပဏီ လုပ်ငန်းစုတွေကသာ ထိန်းချုပ်ခဲ့ကြောင်း သိရပါတယ်။
အထက်က အဖြစ်အပျက်ကို ဖော်ပြနိုင်တဲ့ အသုံးအနှုန်းတခု အင်္ဂလိပ်စကားမှာ ရှိပါတယ် “ Caught Red-Handed ” ဆိုတဲ့အသုံးပါ။ မြန်မာလိုပြန်ရင်တော့ မကောင်းတာလုပ်နေတုန်းဖြစ်ဖြစ်၊ ခိုးဝှက်နေတုန်းဖြစ်ဖြစ် လက်ပူးလက်ကြပ်မိခြင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဒီကိစ္စဟာ အလွန်ကြီးမားတဲ့ အကုသိုလ်ကံကျူးလွန်မှုလို့ သတ်မှတ်နိုင်သလို နိုင်ငံတော်အဆင့် ခိုးမှုမြောက်တဲ့ အကျင့်ပျက်ခြစားမှု ပြယုဂ်ကြီးတခုပါဘဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေကို မောင်ပိုင်စီး ထုတ်ယူ ရောင်းချပြီး နိုင်ငံသူနိုင်ငံသားတွေအတွက် အသုံးမပြုဘဲ ကိုယ်ကျိုးရှာ ချမ်းသာကြီးပွားနေကြတယ်ဆိုတာ အလွန်ယုတ်မာတဲ့ ပြစ်မှုကြီးကို ကျူးလွန်နေတာပါဘဲ။ လူသန်းပေါင်း ၅၀ ကျော်နဲ့ သူတိုရဲ့ သားစဉ်မြေးဆက်တွေကို အောက်တန်းနောက်တန်းကျအောင် လူစဉ်မမှီတဲ့ဘ၀တွေ ပေးအပ်နေတာလို့လည်း ပြောနိုင်ပါတယ်။
ဟုတ်ရင်ကျော်၊ ပုပ်ရင်ပေါ်ဆိုသလိုဘဲ အာဏာရှင်အသိုင်းအ၀ိုင်းရဲ့ အလွန်ဆိုးဝါးတဲ့ ဒီလုပ်ရပ်ဟာ အလွန်နိမ့်ကျနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနိမ်ကျမှု၊ စီးပွားရေးဘ၀နိမ့်ကျမှုတွေကြောင့် မသေသင့်ဘဲ သေခဲ့ရ၊ မနာသင့်ဘဲ နာခဲ့ရ၊ ဘ၀မပျက်သင့်ဘဲ ပျက်ခဲ့ရတဲ့ မိသားစုတွေ၊ ဆင်းရဲနွှံတွင်းကြီးထဲ တ၀ဲလည်လည်နဲ့ ခါးသီးတဲ့ဘ၀တွေအောက်က မြန်မာပြည်သားတွေရဲ့ ငိုရှိုက်သံတွေ၊ ကျခဲ့ရတဲ့မျက်ရည်တွေ အတွက် အပြည့်အ၀ တာဝန်ရှိပါတယ်။
ဒါကိုပဲ လက်ရှိအစိုးရတာဝန်ရှိသူများက စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ ကျေးဇူးကြီးကြောင်း၊ သူချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်း မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတယ်လို့ တဖွဖွတသတသ ပြောနေကြသေးတယ် မဟုတ်လား။
တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲရောက်ရှိသွားချိန်မှာ စစ်အာဏာရှင် အသိုင်းအ၀ိုင်းတွေကတော့ ဘီလျံနာဖြစ်ချမ်းသာသွားတာ ထင်ရှားနေပါလျှက် ငရဲကျခံရသလို ဆင်းရဲဒုက္ခရောက်နေရတဲ့ ပြည်သူတွေကပဲ ကိုယ့်ဘ၀ကို ဖျက်ဆီးခဲ့သူတွေကို ကျေးဇူးရှင်လို့ မှတ်ယူစေအောင် မျက်နှာပြောင်တိုက်ပြီး အရှက်မရှိ ကျေးဇူးတင်ခိုင်းနေတာဟာ အလွန်သိက္ခာမဲ့ရာကျပါတယ်။
စစ်အာဏာရှင်တွေရဲ့ လက်အောက် အလိုမတူဘဲ ကျရောက်ခဲ့ရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ၁၉၆၂ ခုနှစ်ကစလို့ ဒီကနေ့ မျက်မှောက်ချိန်ထိ မြေပေါ်မြေအောက် သဘာဝသယံဇာတရတနာတွေ ခိုးယူ သုံးစွဲခံရမှု အပါအ၀င် အလွန်အန္တရာယ်ကြီးမားပြီး လေလွင့်မှုတွေကို မတွက်ချက်နိုင်လောက်အောင် အဟောသိကံ ပေါက်ကျ နစ်နာဆုံးရှုံးနေရတဲ့ အောက်ပါ ယိုပေါက်ကြီး ၁၀ ပေါက် ဖြစ်တည်နေခဲ့တာ ရာစုနှစ်ဝက်ကျော် နေပါပြီ။။
၁) သယံဇာတဆုံးရှုံးလေလွင့်ယိုစီးမှု ( Natural Resources Drain )
၂) နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးလေလွင့်ယိုစီးမှု ( Finance/Budget Drain )
၃) ငွေကြေးအရင်းအမြစ်နဲ့ ရင်းနှီးမြုပ်နှံမှုများ ပြောင်းရွှေ့ လျော့ပါးကျဆင်းမှု ( Capital Drain)
၎) ဦးနှောက်ယိုစီးမှု ( Brain Drain )
၅) ကဏ္ဍအသီးသီးမှာ.. အရည်အသွေးနိမ့်ပါးလျော့ကျမှု ( Quality Drain )
၆) နိုင်ငံသားအခွင့်အရေးနဲ့ လူအခွင့်အရေးပျောက်ရှဆုံးရှုံးမှု ( Human Rights Drain )
၇) ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ရှေးဟောင်းအမွေအနှစ်များ ယိုယွင်းပျက်စီးမှု(Culture and Heritage Drain )
၈) အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲပျက်သုဉ်းမှု( National Unity Drain )
၉) ကိုယ်ကျင့်သီလစာရိတ္တများယိမ်းယိုင်ပျက်ဆီးမှု( Character Drain )
၁၀) လုပ်အားဆုံးရှုံးလေလွင့်မှု ( Labour Drain )
အထက်ပါ ယိုပေါက်ကြီးတွေထဲက ဆုံးရှုံးမှုအနည်းဆုံးလို့ ယူဆနိုင်လောက်တဲ့ နံပါတ် ၁၀ ဖြစ်တဲ့ လုပ်အားလေလွင့် ဆုံးရှုံးမှုဟာ မြန်မာတနိုင်ငံလုံးမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဘယ်လောက် ရှိနိုင်မလဲဆိုတာ လူပြိန်းတွက်တွက်ကြည့်ရင်း ခန့်မှန်းချေရလဒ် ရှာကြည့်ကြရအောင်။
ဆိုပါစို့ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေအပါအ၀င် တို့တိုင်းပြည်မှာ…အစိုးရ၀န်ထမ်း ၁ သန်းဘဲ ရှိတယ်လို့ ယူဆကြပါစို့ ။ အလုပ်ချိန်နောက်ကျလာတာ၊ အလုပ်ချိန်တွင်းက လစ်ထွက်တာ၊ အလုပ်ချိန်တွင်း ကိုယ်ပိုင် အလုပ်လုပ်နေတာ အလုပ်ချိန်စောပြီး ဆင်းတာ၊ အလုပ်ချိန်အတိုင်း လာမလုပ်ဘဲ လစာထုတ်နေတာ ဒါတွေအသေးစိတ် မတွက်တော့ဘဲ တနေ့ ၈ နာရီလုပ်ရမဲ့အစား အားလုံးအတွက်…တနေ့ ပျမ်းမျှ ၂ နာရီ အလုပ်မလုပ်ဘူးလို့ဘဲ ယူဆလိုက်ကြပါစို့ ။
အဲ့ဒါကို အခြေခံပြီး တရက်ထဲနဲ့တင် မြန်မာနိုင်ငံရဲ့ လုပ်အားဆုံးရှုံးမှု ဘယ်လောက်ရှိသလည်းဆိုတာ တွက်ကြည့်လိုက်တဲ့အခါ…
၁,၀၀၀,၀၀၀ × ၂ = (၂,၀၀၀,၀၀၀) နာရီ လေလွင့်ဆုံးရှုံးနေတာ တွေ့ရပါလိမ့်မယ်။
ကျနော်တို့ နိုင်ငံဟာ …. တနေ့ တနေ့မှာ…နာရီ ၂ သန်း လုပ်အားတွေ ဆုံးရှုံးနေတဲ့သဘောပါ။ တနည်းအားဖြင့် ပြောရရင် နေ့တိုင်းနေ့တိုင်းမှာ ကျနော်တို့တိုင်းပြည်ဟာ သူများတိုင်းပြည်နောက် နာရီ ၂ သန်း နောက်ကျကျန်ရစ်ခဲ့တာပါ။ သူများတွေက နေ့စဉ်ရှေ့ဆက်တိုးတက်နေပြီး ကျနော်တို့ကတော့ နေ့စဉ် နောက်ကျကျန်ရစ်နေတာပါ။
ဒီလိုဖြစ်ခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာပါပြီလဲ၊…စစ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်ကနေ ဒီနေ့ အချိန်ထိ ရက်ပေါင်းဘယ်လောက်ရှိပါပြီလဲ…
၅၃ နှစ် × ၃၆၅ ရက် = ၁၉,၃၄၅ ရက် ရှိပါပြီ။
အဲဒီ စုစုပေါင်းရက်တွေကို…တရက်မှာ ဆုံးရှုံးနေတဲ့ လုပ်အားနာရီ ၂ သန်းနဲ့ မြှောက်ကြည့်လိုက်ရင်…
၁၈,၉၈၀ × ၂ သန်း = နာရီသန်းပေါင်း ၃၈,၆၉၀ ရပါတယ်။ ၁ နာရီလုပ်ခ အမေရိကန် ၁ ဒေါ်လာ နဲ့ပဲ တွက်ကြည့်လိုက်ရင်… အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈၀၀၀ ကျော်ဆုံးရှုံးခဲ့ပြီးပါပြီ။
တကယ်လို့ ဆေးဝါးကိရိယာစုံတဲ့ အဆင့်မြင့်ဆေးရုံတရုံ ဆောက်ဖို့၊ နိုင်ငံတကာအဆင့်တက္ကသိုလ်တခု ဆောက်ဖို့၊ အဆင့်မြင့်ဈေးကြီးတခု ဆောက်ဖို့၊ ပြည်သူ့ဥယျာဉ်ပန်းခြံကြီးတခု ဆောက်ဖို့၊ ကမ္ဘာ့အဆင့်မီ စာကြည့်တိုက်ကြီး တခုဆောက်ဖို့ အမေရိကန်ဒေါ်လာသန်း ၂၀၀ စီ ကုန်မယ်ဆိုကြပါစို့ …
အထက်မှာ တွက်ပြခဲ့တဲ့ ငွေပမာဏနဲ့ဆို ကမ္ဘာ့အဆင့်မီဆေးရုံပေါင်း ၃၈ ရုံ၊ ကမ္ဘာ့အဆင့်မီတက္ကသိုလ် ၃၈ ခု၊ ကမ္ဘာ့အဆင့်မှီအဆင့်မြင့်ဈေးကြီး ၃၈ ဈေး၊ ကမ္ဘာ့အဆင့်မီပန်းခြံကြီး ၃၈ ခုနဲ့ ကမ္ဘာ့အဆင့်မီ စာကြည့်တိုက်ကြီး ၃၈ တိုက် အပါအ၀င် စုစုပေါင်း အရေးကြီး အပေါ်ထပ်အဆောက်အအုံ (Infrastructure ) ပေါင်း ၂၀၀ နီးပါး တည်ဆောက်လို့ ရနိုင်ပါတယ်။
ဒါမှမဟုတ် မြန်နှုန်းမြင့်ကျည်ဆန်ရထားလမ်းနဲ့ ကမ္ဘာ့အဆင့်မီ အဝေးပြေးလမ်းမကြီးတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၄ ဘီလီယံစီ ကုန်ကျမယ်ဆိုကြပါစို့ …
အထက်မှာ ဆုံးရှုံးခဲ့တဲ့ ငွေပမာဏနဲ့ဆို မြန်နှုန်းမြင့်ကျည်ဆန်ရထားလမ်းနဲ့ ကမ္ဘာ့အဆင့်မီ အဝေးပြေးလမ်းမကြီး ၁၀ လမ်းစီ တည်ဆောက်လို့ ရနိုင်ပါတယ်။ စိတ်ကူးနဲ့ ဆုံးရှုံးခဲ့တာတွေကို စဉ်းစားရင်း ကြက်သီးလည်း ထမိတယ်။ တိုင်းပြည်အတွက်လည်း တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။
အခု နောက်ဆုံးသတင်းတွေအရ မြန်မာနိုင်ငံ ကျောက်စိမ်းလုပ်ငန်းတခုလုံးရဲ့ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံခန့်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းနဲ့ ဦးပိုင်၊ ဗိုလ်ချုပ်ဟောင်းများ၊ ခရိုနီများသာ လုပ်ပိုင်ခွင့် ယူထားတာကြောင့် လေလွင့်ဆုံးရှုံးနေရတယ်လို့ သိရတယ်။
အဲဒီကိစ္စမပေါ်ခင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းရငွေလိမ်လည်မှုတွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ နိုင်ငံရပ်ခြား ဘဏ်တွေမှာ အပ်ထားတယ်ဆိုတဲ့ ၁၁ ဘီလီယံကိစ္စကလည်း ရူးသလို ပေါသလိုနဲ့ မဖော်ထုတ်ကြဘူး မဟုတ်လား။
ဒါတောင် သတင်းမရသေးတဲ့ တခြား သယံဇာတထုတ်လုပ်ရေး ပတ္တမြား၊ နီလာ၊ ကြေးနီ၊ အဖြိုက်နက် အစရှိတဲ့ လုပ်ငန်းတွေကနေ လေလွင့်ဆုံးရှုံးမှုတွေကို တွေးကြည့်ယုံနဲ့ နှမျှောလွန်းလို့ မျက်ရည်တောင်ဝိုင်း လာမိတယ်။ သိပ်ကို ရက်စက်ခဲ့ကြ၊ အကျင့်ပျက်ယုတ်မာခဲ့ကြတာ မဟုတ်လား။
တိုင်းပြည်ရဲ့ အိမ်ဦးခန်းမှာ ဇွတ်ဝင်ထိုင်ပြီး နိုင်ငံရဲ့ ဆီဦးထောပတ်တွေ အုပ်ချုပ်သူတွေ ကိုယ်တိုင် ခိုးယူ စားသုံးနေတော့ ခေါင်းကမလုံတဲ့အခါ အောက်ခြေနင်းပြား ၀န်ထမ်းတွေကြားအထိ မိုးခါးရေတွေ တပျော်တပါးကြီးသောက် ကိုယ်ကျင့်သီလတွေ ဖောက်ပြန်လာခဲ့ကြတော့ တတိုင်းပြည်လုံးလည်း သူခိုးရုပ်ပေါက် စောရပြည်ဘ၀ရောက်ခဲ့ရတာ မဟုတ်လား။
ဒီဆောင်းပါးရဲ့ နိဂုံးချုပ်အနေနဲ့ ပြောချင်တာက အထက်မှာပြောခဲ့တဲ့ ယိုပေါက်ကြီး ၁၀ ပေါက်ကနေ တိုင်းပြည်ရဲ့ အဖိုးတန် အရာများစွာဟာ…စက္ကန့်တိုင်း မိနစ်တိုင်းမှာ ဒလဟောပေါက်ယိုစီးကျ လေလွင့်ဆုံးရှုံး နေပါတယ်။ အဲဒီထဲက တချို့အရာတွေဟာ…ဘယ်တော့မှ အစားပြန်မရနိုင်တော့ပါဘူး။
နှစ်ပေါင်း ၅၃ နှစ်ကျော် အဲဒီလို လေလွှင့်ဆုံးရှုံးရင်း အဖက်ဖက်က ချွတ်ခြုံကျပြီး တိုင်းပြည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့ရတာမဟုတ်လား။ အုပ်ချုပ်ပုံစနစ်က မမှန်၊ တတ်သိပညာရှင်ကို နေရာမပေး၊ အ၀င်က နည်းနည်း၊ အထွက်နဲ့ ယိုပေါက်က များများ၊ ကုန်ကြမ်းလောက်သာ ရောင်းစားတတ်ပြီး ကုန်ချော မထုတ်တတ်၊ အလုပ်အကိုင်တွေ ရှား၊ ပစ္စည်းတွေ ရှား၊ လမ်းပန်းဆက်သွယ်ရေးက မကောင်း၊ ကုန်ဈေးနှုန်းတွေက ကြီးသထက်ကြီးလာ၊ ငွေကြေးဖောင်းပွ၊ လူမှုဘ၀တွေ နိမ့်ကျ၊ ပြည်သူတွေ ပညာမတတ်တော့ မုန့်လုံးစက္ကူကပ်ရင်း ဆင်းရဲသံသရာလည် နေရတာမဟုတ်လား။
ဒီပြဿ နာကြီးကို ဆေးမီးတိုနဲ့ ကုလို့ မရဘူး။ အပြကောင်းယုံသက်သက် တနပ်စားဉာဏ် ပြုပြင်ပြောင်းလဲရေးနဲ့ တို့ကနန်းဆိတ်ကနန်း လုပ်နေလို့ ပြေလည်မသွားနိုင်ဘူး။
မြန်မာပြည်ရဲ့ အဲဒီယိုပေါက်ကြီးတွေကို ထိထိရောက်ရောက် အမြန်ဆုံးပိတ်ဆို့နိုင်ဖို့ဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရတရပ်က အဂတိတရားကင်းကင်းနဲ တရားဥပဒေ စိုးမိုးအောင် ပြတ်ပြတ်သားသား အုပ်ချုပ်လုပ်ဆောင်မှသာ အောင်မြင်နိုင်ပါလိမ့်မယ်။
ဒါကြောင့် အခု လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်သူ့ဘဏ္ဍာ ဖောက်စားနေတဲ့ သီလကြောင် သူခိုးကြီင်္းတွေ ဦးဆောင်နေတဲ့ ပါတီတွေကို လုံးဝမဲမပေးကြပါနဲ့။ တိုင်းပြည်နဲ့ အဖိနှိပ်ခံပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ရင်း ကြောက်မက်ဖွယ်ရာဖိနှိပ်မှုတွေကို နှစ်ပေါင်း ၂၆ တိုင်တိုင် ကြံ့ကြံ့ခံ ရပ်တည်ပြီး မှတ်ကျောက်အတင်ခံခဲ့တဲ့ ပြည်သူ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ ရွေးချယ်မဲပေးခြင်းနဲ့ နိုင်ငံသားတာဝန် မပျက်မကွက်ထမ်းဆောင်ကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ပါကြောင်း။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာ (၂၅) ရက် ၂၀၁၅ ခုနှစ်